ဖွေးဖွေးကိုဗန့်အဖြစ်မြင်တွေ့ရမဲ့ 3Girls

0
170

ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားပြီး အကယ်ဒမီ ဒါရိုက်တာ ဝိုင်း ရိုက်ကူးပုံဖော်ထားတဲ့ ” 3Girls” ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို ဒီဇင်ဘာလ ၁ဝ ရက်နေ့ မနက် ၇ နာရီခွဲက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ် ကာ ပြသခဲ့ပါတယ်။ အဆိုပါ ဇာတ်ကားဟာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ် ကာ မတရား လုပ်ရပ်ကို လုပ်ထားသူဟာ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် မနေနိုင်ပုံ ကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

“3Girls” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်းနဲ့ ပတ်သက် ပြီး အကယ်ဒမီဒါရိုက်တာ ဝိုင်းက… ”ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အမှတ်တရတွေ အများ ကြီးရှိခဲ့တယ်။ ဒီဇာတ်ကား Editing လုပ်တဲ့အခါမှာလည်း တစ်လခွဲလောက်ကြာပါတယ်။ ဒါရိုက်တာ သက်တမ်း တစ်လျှောက်မှာ အကြာဆုံး Editing လုပ်ခဲ့ရတဲ့ ဇာတ်ကားပါ။ ပြီးတော့ ကျွန်တော်တို့ ဒီဆိုရှယ်မီဒီယာမှာ ဘာဖြစ်လာလဲဆိုတော့ ကိုယ့်ရဲ့ Personal ကို တစ်ယောက်ကနေ ခိုးယူသုံးစွဲတာတွေ ရှိနေတယ်။ အဲဒီလိုဆိုတော့ ကိုယ့် အတွက် အထိနာတယ်။ ဒါတွေကိုလည်း ဒီထဲမှာ အကုန်ပြပေးထားပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ ဖွေးဖွေး၊ အိချောပိုနဲ့ ပိုင်ဖြိုးသုတို့က ပါဝင် သရုပ်ဆောင်ထားကြပြီး ဘီလူးမနေရာက သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီ ဖွေးဖွေးက ”ဒီဇာတ်ကားဟာ ဖွေးရဲ့ စိန်ခေါ်မှုတစ်ခုပါ။ ဒီလို ဗီလိန်ဇာတ်ကား ကို ပထမဆုံးရိုက်ကူးတာပါ။ ကိုယ့်ဆရာက ဖွေးကို ကမ်းလှမ်းခဲ့တဲ့အတွက် လည်း ပါပါတယ်။ ဖွေးဒီဇာတ်ကားထဲမှာ တအားကို စိတ်ပုပ်တဲ့သူအနေနဲ့ သရုပ်ဆောင်ရတဲ့အတွက် ဇာတ်ကားရိုက်ကူးချိန်မှာ အမြဲစိတ်ပုပ်နေရတယ်။ ရိုက်ကွင်းမှာလည်း မရိုက်ခင်ကစပြီး ရိုက်ကွင်းထဲရောက်ပြီဆိုတာနဲ့ စိတ်ကို ပုပ်ထားလိုက်တယ်။ တအားလည်း ပင်ပန်းခဲ့တယ်။ ဖွေး ဒီဇာတ်ကားရိုက်ကူး ပြီးတဲ့ အချိန်မှာ အလွန်ပင်ပန်းလို့ ငိုခဲ့ရတယ်” လို့ ပြောခဲ့ပါတယ်။ ” 3Girls” ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ ၁၅ ရက်နေ့က  မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင် ရုံကြီးများမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။

သဲစုလှိုင် ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here