စင်တင် ပြဇာတ်အနေနဲ့ မြင်တွေ့ရဦးမယ့် လင်္ကာဒီပ ချစ်သူ

0
111

ဆရာချစ်ဦးညိုရဲ့ အောင်မြင်ကျော်ကြားတဲ့ ဝတ္ထုဇာတ်လမ်းများထဲက တစ်ခုဖြစ်တဲ့ လင်္ကာဒီပချစ်သူဝတ္ထုကို မကြာမီ စင်တင်ပြဇာတ်အနေနဲ့ မြင်တွေ့ ကြရဦးမှာဖြစ်ပါတယ်။ လင်္ကာဒီပချစ်သူပြဇာတ်ကိုတော့ မန္တလေးမြို့မှာ ဇန်နဝါရီလ ၃ဝရက်နဲ့ ၃၁ရက် နှစ်ရက်တိုင်တိုင် ကပြဖျော်ဖြေသွားမှာဖြစ်ပြီး ရန်ကုန်မြို့မှာလည်း ကပြဖျော်ဖြေသွားဦးမယ်လို့သိရပါတယ်။ လင်္ကာဒီပချစ်သူ ရဲ့ အဓိကဇာတ်ကောင်များဖြစ်တဲ့ ဒဿဂီရိအဖြစ် လူမင်း၊ ရာမ မင်းသားအဖြစ် သူထူးစံ၊ သီတာဒေဝီ အဖြစ် ဝတ်မှုံရွှေရည်တို့က ပါဝင်ကပြသွားမှာဖြစ်ပြီး ဂမ္ဘီအဖြစ် ခိုင်သင်းကြည်၊ ဦးရီးတော် မာရဇ္ဇအဖြစ် ကျော်သူ၊ ဘိဘိသနအဖြစ် ကျော်ကျော်ဗို၊ မေဃနာဒ အဖြစ် ကျော်ကျော်၊ မိဖုရားခေါင်ကြီးမန္ဒောတြိတ အဖြစ် ဆုမြတ်နိုးဦး၊ အပျိုတော်ထိန်း ရေခါအဖြစ် သဉ္ဇာမြင့်မိုရ်နဲ့ ဟာနုမာန် အဖြစ် အောင်ဇော် (မန္တလေး)တို့လည်း ပါဝင်ကပြတင်ဆက်သွားကြမှာဖြစ်ပါ တယ်။ လင်္ကာဒီပချစ်သူပြဇာတ်ကို ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ့် ဇာနည် ကလည်း..

”အစ်ကိုတို့ အနုပညာလောကထဲမှာ လင်္ကာဒီပချစ်သူကို ရိုက်ကူးဖို့ ကြိုးစားခဲ့ကြတာ အကြိမ်ကြိမ်ပါပဲ။ အစ်ကိုလည်း တကယ်တော့ ရုပ်ရှင်ကြီး ရိုက်ကူးချင်တာပါ။ဒါပေမဲ့ အစ်ကိုတို့ရဲ့အင်အားနဲ့ မနိုင်တဲ့အပိုင်းတွေရှိတယ်။ အခုတော့ အစ်ကိုက ပြဇာတ်အနေနဲ့ ဖန်တီးမယ်။ ပါဝင်မယ့် သရုပ်ဆောင်တွေ ထဲမှာလည်း ရာမမင်းသားနေရာကို အားလုံးမထင်ထားတဲ့ သူထူးစံကို ထည့် ထားတယ်။ အစ်ကို့စိတ်ထဲကလည်း သူထူးစံကို ဒဿနေရာကထည့်လို့ရ တယ်။ ဒါပေမဲ့ထူးခြားသွားအောင်လို့ ရာမအနေနဲ့ထည့်သွင်းထားတာပါ။ အစ်ကို့အတွက်လည်း ဒီဇာတ်ကြီးက ကုန်ကျမှုတွေလည်း များသလို တာဝန် လည်းကြီးပါတယ်။ တစ်ကြိမ်ပဲ၊ တစ်ခါတည်းပဲ ကပြရမယ့်အတွက်ပါ။ ဆရာကြီး ချစ်ဦးညိုကလည်း သူ့ရဲ့ဝတ္ထုကို ယုံယုံကြည်ကြည်နဲ့ အစ်ကိုတို့ကို လုပ်ဆောင် ခွင့်ပေးခဲ့တာ၊ အဲဒီယုံကြည်မှုက အစ်ကို့အတွက်တော့ အားတစ်ခုပါပဲ” လို့ ပြောပြပါတယ်။ ဆရာချစ်ဦးညိုကလည်း ပြဇာတ်တင်ဆက်ဖို့ ဘာကြောင့်ခွင့်ပြုခဲ့ လဲ ဆိုတာကို . . .

”ဒီဝတ္ထုကို ရုပ်ရှင်အနေနဲ့လည်း ရိုက်ကူးဖို့ ရူးသွပ်ခဲ့ကြတဲ့ အနုပညာရှင် တွေရှိကြပါတယ်။ ကိုကျော်သူတို့၊ သူထူးစံတို့ စသည်ဖြင့် နှုတ်နဲ့ အကြိမ်ကြိမ် ခွင့်တောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကံမစပ်ကြသေးဘူးပေါ့။ အခုတော့ ကံစပ်ပြီး စင်တင်ကပြမယ်။ လင်္ကာညိုကလည်း ဇာတ်ညွှန်းခွဲထားတယ်။ ကျွန်တော်က မျိုးဆက်သစ်တွေဆက်ပြီး ပန်းဝင်နိုင်ဖို့အတွက် သူတို့လက်ထဲကို ယုံယုံကြည် ကြည်နဲ့လုပ်ကိုင်ဖို့ပဲပေးအပ်ထားပါတယ်။ ကျွန်တော်ကလည်း ဇာတ်ညွှန်းရေး မှာကို ဝင်ပြီးမစွက်ဖက်ပါဘူး။ ဒါပေမဲ့ အလွန်အကျွံ၊ အစွန်းဖြစ်တာတွေကို တော့ လက်မခံဘူး။ အကောင်းဆုံးဖြစ်ဖို့လည်း ကျွန်တော်မျှော်လင့်ထား ပါတယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here