ကဗျာရေးလို့မရတဲ့နေ့က ဒီ ကဗျာကိုရေးခဲ့တယ်

0
195

ကျွန်တော်ကဗျာရေးချင်နေတယ်
တိမ်တွေ အချိတ်ခံထားရတဲ့
ကောင်းကင်ကြီးရဲ့ အကြောင်း
ပျိုမျစ်ချင်ယောင်ဆောင်ထားတဲ့
ဗာဒံပင်အိုကြီးတွေရဲ့ အကြောင်းကို
ကျွန်တော် ကဗျာရေးချင်နေတယ်။

ကျွန်တော် ကဗျာရေးချင်နေပါတယ်
အသစ်တွေ များသလောက်
အစစ်တွေ ရှားရှားလာတဲ့ခေတ်ကြီး
တစ်ခေတ်ရဲ့ အကြောင်း
Sexy တွေ များသလောက်
အချစ်တွေ ပါးလျကွယ်ပျောက်လာတဲ့
လူနေမှုစနစ်ကြီးရဲ့ အကြောင်းကို
ကျွန်တော် ကဗျာရေးချင်နေတယ်။
ကျွန်တော် ကဗျာရေးချင်နေပါတယ်
အာဏာကို ဂါထာလိုရွတ်နေခဲ့သူတွေရဲ့
အကြောင်း
ကဗျာကို ဘာသာတစ်ခုလို
ကိုးကွယ်တတ်သူတွေရဲ့ အကြောင်း

ပြီးတော့
ကဗျာရေးလို့ မရတဲ့နေ့က
ဒီကဗျာကို ကျွန်တော်ရေးခဲ့တယ်ဆိုတဲ့ အကြောင်းကို
ကျွန်တော် ကဗျာရေးချင်နေပါတယ်
ကျွန်တော် ကဗျာရေးချင်နေတုန်းပါပဲ
ဒါနဲ့
ခင်ဗျားရော ကဗျာမရေးချင်ဘူးလား။

မင်းည


LEAVE A REPLY

Please enter your comment!
Please enter your name here