ရွှေမန်းတင်မောင်ရဲ့ လေးတော်တင်ခန်းဇာတ်တော်ကြီးကို ပြန်လည်ကပြဖို့ စီစဉ်နေတဲ့ တင်မောင်ဆန်းမင်းဝင်း

0
267

တင်မောင်ဆန်းမင်းဝင်းက လက်ရှိမှာတော့ ရန်ကုန်ပွဲခွင်တွေမှာ ကပြတင်ဆက်လျက်ရှိပါတယ်။ ရန်ကုန်ပွဲခွင် ၃ ခွင်လောက် ကပြပြီးတဲ့အခါမှာတော့ နယ်ဘက်တွေ ကို တောက်လျှောက်ကပြသွားမှာဖြစ်ပါတယ်။ နယ်ပွဲခွင်တွေ ကနေ ရန်ကုန်ကိုပြန်ရောက်တဲ့အခါမှာတော့ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ ဇာတ်တော်ကြီးတွေထဲက လေးတော် တင်ခန်းကို ရုပ်သံတစ်ခုနဲ့ချိတ်ပြီး ရိုက်ကူးပြသသွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

”လူကြီးတွေနဲ့လည်း တိုင်ပင်ရဦးမယ်။ အဘိုးဟာဆိုတော့လေ။ ဖွားတော်မူခန်းတို့၊ လေးတော်တင်ခန်းတို့ရှိတယ်။ အဘိုးကိုမီလို့လုပ်တာမျိုးမဟုတ်ပါဘူး။ အဲဒါလေးတွေ အမွေအနှစ်လေးတွေ ဖြစ်လို့လေ။ အဖေနဲ့ကျွန်တော်နဲ့ နားထောင် ပြီးတော့ ဒါလေးတွေကိုပြန်ပြီး အကောင်အထည်ဖော်ရင် ကောင်းမယ်ပေါ့။ ဖွားတော်မူခန်းက ယဉ်ကျေးမှုတက္ကသိုလ် က လုပ်သွားတယ်။ လေးတော်တင်ခန်းက မလုပ်ရသေးဘူး။ ဒါကြောင့် လေးတော်တင်ခန်းကို လုပ်ကြည့်ချင်တယ်ပေါ့။ အဲဒါလေးကတော့ ဒီ၂ဝ၁၈ ခုနှစ်ထဲမှာ လုပ်ပြဖို့ အိုင်ဒီယာလေးပေါ်တယ်။ လုပ်ဖြစ်တယ်ဆိုရင်တောင် ဇာတ်မှာကပြဖို့ မဟုတ်ဘူး။ ရိုက်ကူးရေးအတွက်ပိုများလိမ့်မယ်” လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ လေးတော်တင်ခန်းကို ကပြတဲ့အခါမှာ သူတစ်ယောက်တည်း ကပြမှာမျိုးမဟုတ်ဘဲ ရွှေမန်းမိသားစုဝင်တွေအကုန်လုံးနဲ့ ကပြချင်တာမျိုးဖြစ် တယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်အနှံ့ ကပြဖျော်ဖြေမှု မှာတော့ မျှော်စင်ကျွန်းမှာ ကပြတင်ဆက်ထားတဲ့နောက်ပိုင်း ဇာတ်တော်ကြီးတွေ ကို ပြန်လည်ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး ဒီလိုပြန်လည် ကပြဖြစ်တာကလည်း မျှော်စင်ကျွန်းမှာ ကပြဖြစ်ခဲ့တဲ့ ပြဇာတ်တွေ၊ အော်ပရာတွေ၊ နောက်ပိုင်း ဇာတ်တော်ကြီးတွေကို တချို့ပရိသတ်တွေက ပြန်လည်ကြည့်ရှုချင် တယ်လို့ ပြောကြတာကြောင့်ပဲဖြစ်ကြောင်း၊ ဇာတ်ထုပ်အသစ်ဆိုပြီး တော့ မဖန်တီးဖြစ်သေးကြောင်း၊ ဒီနှစ်မိုးရာသီအပတ်စဉ် အထူး ဖျော်ဖြေပွဲကျမှသာ ဇာတ်ထုပ်အသစ်တွေကို တင်ဆက်သွားဖို့ရှိ ကြောင်း၊ အဲဒီ့အတွက်ကတော့ ပြင်ဆင်နေဆဲပဲဖြစ်ကြောင်း တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here