အဆိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေအတွက် စည်သူလွင်ရဲ့ အကြံပြုစကား

0
259

စည်သူလွင်က သီချင်းဆိုပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ဂီတလောကမှာအောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင်သီချင်းတွေနဲ့အောင်မြင်ဖို့လိုပြီး ကိုယ်ကိုယ်တိုင်လည်းအောင်မြင်အောင်လုပ်ပြဖို့အရေးကြီးကြောင်း စည်သူလွင်ကပြောပါတယ်။

”ရှေ့ကအောင်မြင်ခဲ့တဲ့သီချင်းတွေကို ပြန်ဆိုတာကတော့ သိပ်မထူးဆန်းဘူးပေါ့။ ကိုယ်ကိုယ်တိုင် အောင်မြင်အောင်လုပ်ပြဖို့ အရေးကြီးပါတယ်။ ပရိသတ်တွေကလည်း ကိုယ်ပိုင်သီချင်းနဲ့အောင်မြင်ပြီးတော့ဖြစ်လာတဲ့အနုပညာသမားတစ်ယောက်ကိုမှ ပိုပြီးတော့တန်ဖိုးထားမှာ ပေါ့နော်။ ပြီးတော့ ဂီတလောကထဲမှာလည်း ဂုဏ်သိက္ခာ ရှိရှိနဲ့ လျှောက်လှမ်းလို့ရတယ်။ ပရိသတ်တွေကိုယ်တိုင်ကလည်း ဒီသီချင်းဟေ့ ဆိုရင်ဒါဘယ်သူ့ သီချင်းဆိုပြီး သူတို့ရင်ထဲကိုရောက်နေမှာလေ။ အဲဒီလိုအဆင့်မျိုးဖြစ်အောင်အထိကို ကြိုးစားဖို့လိုအပ်တယ်လို့ထင်တယ်”လို့ ပြိုင်ပွဲတွေမှာ ဆုရရှိတဲ့သူတွေအနေနဲ့ ကိုယ်ပိုင်သီချင်းတွေနဲ့ အောင်မြင်အောင် ဆက်လက် ကြိုးစားချင်စေကြောင်းကို…

စည်သူလွင်ကပြောပါတယ်။ သီချင်းဆိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေအနေနဲ့ သီချင်းများများ နားထောင်စေချင်တယ်လို့ သူကအကြံပြုစကားဆိုပါတယ်။

”ကလေးတွေက အခုဘာဖြစ်နေလဲဆိုတော့ အစ်ကိုတို့ခေတ်လောက်က သီချင်းတွေတောင် သူတို့ မကြားဖူးတော့ဘူး။ တကယ်ဝါသနာပါတယ်ဆိုတဲ့သူက သီချင်းဆိုရင် အစုံနားထောင်ထားတာ။ သီချင်းကို ပုံစံမျိုးစုံကို နားထောင်ရတယ်။ ကိုယ်မွေးဖွားတဲ့နှစ်ကနဲ့ဆိုရင် အထက် ၁ဝ နှစ် အောက်၁ဝနှစ်လောက်က သီချင်းတွေကိုတော့သိသင့်တယ်ထင်ပါတယ်။ တကယ်သီချင်းဝါသနာပါတယ်ဆိုရင်ပေါ့လေ။ အစ်ကိုတို့ ဆိုရင်လည်း ကိုယ့်အရှေ့က အောင်မြင်ခဲ့တဲ့၁ဝနှစ်လောက်က လူတွေရဲ့ သီချင်းတွေကိုလည်းသိခဲ့ တာပါ။ ပြီးတော့ ကလေးတွေဆက်ထွက်လာရင်လည်း အဲဒီကလေးတွေရဲ့ သီချင်းတွေကိုလည်း ကိုယ်တို့က ဆက်ပြီးတော့နားထောင်နေရတာပဲ။ သူတို့ဘယ်လိုလုပ်လဲ၊ သူတို့ ဘယ်လိုတွေဖန်တီး နေလဲပေါ့။ အကုန်သိရမယ်လေ။ အဲဒါမှတကယ်သီချင်းဝါသနာပါတယ်လို့ခေါ်တာပေါ့လေ။ အခု တော့ သီချင်းဝါသနာပါတယ်ပြောတယ်။ ထူးအိမ်သင်သီချင်းသိလားဆိုတာလည်းမသိဘူး။ အဲဒီ လောက်တော့မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ကိုထူးအိမ်သင်ဆိုတာက ဂီတလောကမှာ အစ်ကိုတို့ လေးစားရတဲ့သူတွေလေ။ စိုင်းထီးစိုင်သီချင်းတွေမသိဘူးဆိုတာ မဖြစ်သင့်ဘူး။ ဇော်ဝင်းထွဋ် သီချင်းမသိဘူးဆိုတာ မဖြစ်သင့်ဘူး။ လေးဖြူသီချင်းမသိဘူးမဖြစ်သင့်ဘူး။ အဲဒါမျိုးလောက်တော့ နည်းနည်းတော့ လေ့လာထားစေချင်တယ်။ ပြိုင်ပွဲဝင်ပြိုင်ခါနီးကျမှ သီချင်းကိုအခုမှကြားဖူးတာဆိုပြီး ကျက်နေရတယ်။ အဲဒါမျိုးတော့မဖြစ်သင့်ဘူးလေ” လို့ သီချင်းဆိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လူငယ်တွေအတွက် စည်သူလွင်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here