မိုးညှင်းမြို့မှ ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီး

0
266

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အရှေ့ကျောင်းဆရာတော် ဦးကြွင်း (ခေါ်)ဦးကေသရသည် မိုးညှင်းမြို့ နေ မြို့မိမြို့ဖများနှင့် တိုင်ပင်ညှိနှိုင်း ပြီး လျောင်းတော်မူဘုရားတစ်ဆူ တည်ထားကိုးကွယ်ရန် စီစဉ်ခဲ့ ကြသည်။ သက်တော်ထင်ရှား ဘုရားရှင် ကိုယ်တော်မြတ်၌သော် လည်း ကောင်း၊ နိဗ္ဗာန်ကြွသွား မြတ်စွာဘုရား၏ ကိုယ်စားတော် ရုပ်ပွား တော်မြတ်၌သော်လည်းကောင်း၊ စိတ်ဓာတ်သဒ္ဓါ တူမျှပါလျှင် ဖြစ်လေရာသံသရာဘဝတို့၌ တူမျှသောအကျိုးကို ခံစားရနိုင်သည် ဟူသော ဒေသနာတော်လာ စကားရှိလေသည်။ ထို့အတူ ဆရာတော် ဦးကေသရနှင့် လူကြီးများသည် သောင်းထိုက်လူဗိုလ် အကျိုးများစေ ရန် ရည်ရွယ်ပြီး ပြည်လုံးချမ်းသာ ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို မြန်မာသက္ကရာဇ် ၁၂၉၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် (ခရစ်နှစ် ၁၉၃၆ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်)နေ့တွင် ပန္နက်တင်ခဲ့ကြ လေသည်။

သက္ကရာဇ် ၁၃ဝ၂ ခုနှစ် တပို့တွဲ လဆန်း ၁ဝ ရက် (၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်)နေ့တွင် အုတ်မြစ်စီ မင်္ဂလာကျင်းပခဲ့ပြီး ၁၃၂၅ ခုနှစ်၊ တပေါင်းလပြည့် (ခရစ်နှစ် ၁၉၆၄ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၆ ရက်)နေ့တွင် ဆရာဒကာ ရေနှင့်ကြာသို့ တူမျှသော စိတ်ဆန္ဒအဟုန်ကြောင့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဂန္နကုဋီ ကျောင်းဆောင်ကြီးနှင့်အတူ ပြီးမြောက်ခဲ့လေသည်။ ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီး၏ အတိုင်းအတာပမာဏမှာ ဥာဏ်တော် အလျား ၈၅ တောင် ၁ မိုက်၊ ဥာဏ်တော်အမြင့် ၂၄ တောင် ၂ မိုက်၊ မျက်နှာတော် ၁ဝ တောင် ၁ မိုက်၊ ရောင်လျှံတော် ၃ တောင် ၁ မိုက်၊ နားရွက်တော် ၇ တောင်၊ ပခုံးတော် မှ ခါးတော်အထိ ၂၂ တောင် ၁ မိုက်၊ ခါးတော် မှ ဒူးတော်အထိ ၂၂ တောင် ၁ မိုက်၊ ဒူးတော် မှ ခြေဖဝါးတော်အထိ ၂၂ တောင် ၁ မိုက်၊ တံတောင်ဆစ်တော် မှ လက်ဖျား တော် အထိ ၂၁ တောင် နှင့် လက်ဖဝါးတော်မှာ ၁ဝ တောင် ၁ မိုက်တို့ဖြစ်ပါသည်။

တည်ထားပြီးသော ပြည်လုံး ချမ်းသာ ရွှေသာလျောင်းဘုရားကြီး အား သက္ကရာဇ် ၁၃၂၆ ခုနှစ် တန်ခူး လဆန်း ၁၂ ရက် (ခရစ်နှစ် ၁၉၆၅ ခုနှစ် ဧပြီလ ၁၃ ရက်)နေ့တွင် ဗုဒ္ဓါဘိသေကမင်္ဂလာကို ခမ်းနားကြီး ကျယ်စွာ ဆင်ယင်ကျင်းပနိုင်ခဲ့သည်။ ဘုရားကြီးစတင်တည်ထား သည့်အချိန် ကိုလိုနီခေတ်၁၉၃၆ ခုနှစ်မှ ဗုဒ္ဓဘိသေကမင်္ဂလာ ကျင်းပသည့် လွတ်လပ်ရေးရပြီးသည့် ၁၉၆၅ ခုနှစ်အထိနှစ်ပေါင်း ၃ဝ နီးပါးကြာမြင့်အောင်တည်ထားခဲ့ရလေသည်။ ပြည်လုံးချမ်းသာ ရွှေသာ လျောင်းဘုရားကြီးအား သက္ကရာဇ် ၁၂၉၇ ခုနှစ်မှ ၁၃ဝ၈ ခုနှစ်ထိ ဦးကြွင်း(ခေါ်)ဦးကေသရ မဟာထေရ်ကလည်းကောင်း၊ ၁၃ဝ၈ ခုနှစ်မှသည် ၁၃၁၆ ခုနှစ်ထိ ဦးစိန်(ခေါ်)ဦးကုသရအရှင်သူမြတ် ကလည်းကောင်း၊ ၁၃၁၆ ခုနှစ်မှ ၁၃၄၆ ခုနှစ်ထိ ဦးဇိနမဟာထေရ်က လည်းကောင်း အသီးသီးတာဝန်ယူ တည်ထားစောင့်ရှောက် ထိန်းသိမ်း ခဲ့ကြသည်။

ဆက်လက်၍လည်း ၁၃၄၆ ခုနှစ်မှ မျက်မှောက်ခေတ် ၁၃၇၉ ခုနှစ်အထိ သြဝါဒစရိယဆရာတော်များနှင့် အတူ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ဂေါပကအဖွဲ့၊ ရုပ်ပွားတော်မြတ်ကြီး၏ အလုပ်အမှုဆောင်အဖွဲ့၊ ရုပ်ပွားတော်မြတ်ကြီး၏ ဝေယျာဝစ္စ အမျိုးသမီးအဖွဲ့များက တိုးတက် စည်ပင်စေရေးအားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပေသည်။ နှစ် ပေါင်း ၈ဝ ကျော် ကြာမြင့်ပြီဖြစ်သည့် ပြည်လုံးချမ်းသာရွှေသာလျောင်း ဘုရားကြီးအား ကမ္ဘာတည်သရွေ့၊ သာသနာတည်သရွေ့ အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်နေသကဲ့သို့ အနယ်အနယ်အရပ်ရပ်မှ စေတနာ ရှင်များကလည်း သဒ္ဓါထက်သန် ဝိုင်းဝန်းကူညီလှူဒါန်းနိုင်ပါကြောင်း စေတနာရှေ့ထား၍ အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါသည်။

”တိဋ္ဌနေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေသမံဖလံ” ဆိုသည့် စာသား လေးဖြင့် ပူဇော်လိုက်ရပါကြောင်း။

နိုင်ထွန်း(TGI)


LEAVE A REPLY

Please enter your comment!
Please enter your name here