ဘာသာ၊ သာသနာ အကျိုးကို သယ်ပိုးချင်သလို မိဘကို လုပ်ကျွေးချင်တဲ့ အဆိုတော် မေသက်ထားဆွေရဲ့ ၁၅ နှစ်အရွယ် အတွေး

0
260

အလှူအတန်းတွေပရဟိတအလုပ်တွေ များစွာလုပ်ဖြစ်နေတဲ့ မြန်မာ သံအဆိုတော်မလေး မေသက်ထားဆွေဟာ အခုဆိုရင် ၁၅နှစ်အရွယ်ကို ရောက်ရှိ လို့လာခဲ့ပါပြီ။ အလှူအတန်းတွေ ပရဟိတအလုပ်တွေများစွာ လုပ်လေ့ ရှိသူ မေသက်ထားဆွေကို သူမရဲ့ မွေးနေ့အလှူပွဲမှာတွေ့တုန်း လုပ်ဖြစ်ခဲ့တဲ့ အလှူအတန်း တွေနဲ့ ၂ဝ၁၈ ခုနှစ်မှာ လုပ်ဖို့ရှိတဲ့ အစီ အစဉ်တွေအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ”သမီးတတ်နိုင်သလောက်လှူဖြစ်ပါတယ်။ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက်ပေါ့။ သမီး စန္ဒကိန္နရီဆိုတဲ့ အမည်နဲ့ တံတားလှူတယ်။ တံတားလှူပြီးတော့ လူနာ တင်ကားပေါ့နော်။ တောင်ငူဘက်က ရွာတစ်ရွာမှာ အခက်အခဲဖြစ် တယ်လို့ ပြောတဲ့အတွက် သမီးတတ်နိုင်သလောက်လှူလိုက်တယ်။ တခြားနေရာတွေမှာလည်း လှူထား တာတွေ အများကြီးရှိပါတယ်။ အခု ၂ဝ၁၈ မှာလည်း ဒီလိုပဲ သမီးရတဲ့ အနုပညာကြေးနဲ့ သမီးတတ်နိုင်တဲ့ အလှူဒါနတွေ ဆက်ပြီးတော့ လုပ်သွားဦးမယ်” လို့ မေသက်ထားဆွေကပြောပါတယ်။ ဇန်နဝါရီလ ၁ဝရက်နေ့က အသက် ၁၅ နှစ်ပြည့်မြောက်ခဲ့တဲ့ မေသက်ထားဆွေက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ဓမ္မစေတီကျောင်းတိုက်မှာ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ကာ လှူဖွယ်ပစ္စည်း အမျိုးမျိုးတို့ကို လှူဒါန်းခဲ့ပါတယ်။

”သမီးရဲ့ အသက် ၁၅ နှစ်ပြည့် မွေးနေ့မှာ စမ်းချောင်း၊ ဓမ္မစေတီ ကျောင်းတိုက်က ဘုန်းဘုန်းတွေကို နေ့ဆွမ်းကပ်တယ်။ အရင်မွေးနေ့တုန်းကလိုတော့ ကြီးကြီးကျယ်ကျယ် မလုပ်ဖြစ်တော့ဘူး။ ညနေခင်းမှာ သမီးတို့ လမ်းမှာ စတုဒိသာကျွေးတယ်။ ဆွမ်းကပ်ပြီးလို့ နောက်ရက် ကျလို့ရှိရင်လည်း မိဘမဲ့ကျောင်းမှာ သွားလှူပါမယ်” လို့ မေသက်ထားဆွေက ပြောပါတယ်။ တက္ကသိုလ်ဝင်တန်း ရောက်လို့ရှိရင် ဆေးကျောင်းဝင်အောင်ကြိုးစားရင် ပညာရေးဘက်မှာလည်း ဆရာဝန်တစ်ယောက်ဖြစ်အောင် ကြိုးစားချင်ပါသေးတယ်လို့ မေသက်ထားဆွေကပြောပါတယ်။ သူမရဲ့ ၁၅နှစ်အရွယ် စိတ်ကူးကို ပြောပြတာကတော့ ”အခု ၁၅နှစ်ကို ရောက်ရှိလာပြီ။ ဘာသာ၊ သာသနာကို အကျိုးပြုတဲ့ သမီးကောင်းတစ်ယောက် ဖြစ်ချင်တယ်။ မေမေ့ကိုလည်း လုပ်ကျွေးနိုင်တဲ့ သမီးကောင်းတစ် ယောက်ဖြစ်ချင်တယ်။ သမီး ဆက်လက်ပြီးတော့လည်း အနုပညာတွေ လုပ်သွားဦးမယ်။ နောက်နှစ်ဆိုရင် သမီးက ဆယ်တန်းဆိုတော့ သီချင်းတော့ သိပ်ပြီးဆိုဖြစ်မယ် မထင်တော့ပါဘူး။ ပညာရေးကို ပိုလုပ်ဖြစ်ပါမယ်။ သမီးရဲ့ ၉တန်းစာမေးပွဲက ၂ လပိုင်း မှာ ဖြေဆိုရမယ်။ ၂ လပိုင်းမှာ ဖြေဆိုရမယ်ဆိုတော့ စာကို ပုံမှန်တော့ လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းပိတ်ရက် တွေမှာတော့ နယ်ရှိုးပွဲတွေ သီဆိုဖြစ်တယ်” လို့ သိရပါတယ်။ သူ့ကိုအားပေးကြတဲ့ ပရိသတ်တွေကိုလည်း မေသက်ထားဆွေက ”သမီးရဲ့ ၁၅နှစ်ပြည့်မွေးနေ့မှာ ဆုတောင်းပေးကြတဲ့ ပရိသတ်များကို ကျေးဇူးတင်ပါတယ်။ သမီးအခု စာရော၊ အနုပညာရော မျှတအောင် ဆောင်ရွက်သွားပါမယ်” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here