ပရိသတ်တွေကို သီချင်းတွေ လက်ဆောင်ပေးတဲ့ သျှန်ထွန်း (မြန်မာစာ)

0
195

တေးရေးတေးဆို သျှန်ထွန်း (မြန်မာစာ)က မြန်မာနိုင်ငံမှာ ဖြစ်ပျက်မှုတစ်ခုခုရှိလာတိုင်း သီချင်းရေးကာ အွန်လိုင်း မှာ အခမဲ့ တင်ပေးလေ့ရှိပါတယ်။ H1N1 ဖြစ်ပွားတဲ့ကာလမှာလည်း သီချင်းတစ်ပုဒ် ရေးသားခဲ့သလို၊ ရခိုင်ကိစ္စဖြစ်ပွား ခဲ့တဲ့အချိန်မှာလည်း ‘ထလော့မြန်မာ’ဆိုတဲ့ သီချင်းတစ်ပုဒ်ကိုရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘုတ်ခ်မှာ ပရိသတ်တွေ နားဆင် ရဖို့အတွက် တင်ပေးခဲ့ပါတယ်။

”ကျွန်တော်က တေးရေးပြီးတော့ အသက်မွေးဝမ်းကျောင်းပြုနေတယ်ဆိုပေမယ့်လည်း ကျွန်တော့်မှာ တခြားအသက်မွေးဝမ်းကျောင်း ပြုနေတာက သက်သက်ပါ။ အဲဒီတော့ အာဇာနည် နေ့နဲ့ပတ်သက်တာကို ကျွန်တော်သေချာရေးတယ်။ ပြီးတော့ သီဆိုပြီးတော့ အွန်လိုင်း ပေါ်တင်လိုက်တယ်။ ဒီသီချင်းတွေက ကျွန်တော့်အနေနဲ့ စီးပွားရေးအရ ရောင်းတဲ့သီချင်းတွေ မဟုတ်ပါဘူး။ နောက်ပိုင်းမှာလည်း ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော်ရေးဖြစ်နေဦးမှာပါ။ ကျွန်တော့် ညီတစ်ယောက်ကတောင် ပြောတယ်။ အစ်ကိုကပိုက်ဆံ ရမယ့်သီချင်းတွေ၊ အစ်ကို့ကို အများကြီး အပ်ထားတာတောင် အစ်ကို မရေးဘူးနော်တဲ့။ ကျွန်တော့်စိတ်ကိုက ဒီသီချင်းတွေကိုဦးစားပေးပြီးတော့ လုပ်ချင်နေတာလေ။ တစ်ခုခုဆို ပြည်သူနဲ့ ထပ်တူထပ်မျှ ပရိသတ်တွေနဲ့ ထပ်တူထပ်မျှ ခံစားမိတယ်။ ချက်ချင်းခံစားပြီး ချက်ချင်းရေးတယ်၊ ချက်ချင်းတင်တယ်။ ကိုယ့်ဘာသာ ကိုယ်ရေးတယ်၊ ကိုယ့်ဘာသာ ကိုယ်ဆိုတယ်။ အဲဒီ့သီချင်းတွေ အားလုံးဟာ ဘယ်သူပဲဖြစ်ဖြစ် ပြည်သူပိုင်တယ်လို့ပဲ ခံစားမိထားတယ်။ ဒီသီချင်းတွေကို ကြိုက်တဲ့လူတွေ သီဆိုလို့ရတယ်၊ ကြိုက်တဲ့လူ သုံးလို့ရတယ် ။အဲဒီအတွက် ကျွန်တော့်ကို ခွင့်ပြုချက်ယူစရာမလိုဘူး။ ကျွန်တော် အဲဒီလိုမျိုးသီချင်းလေးတွေ တင်တိုင်း အားလုံးပိုင်တဲ့သီချင်းတွေပဲဆိုပြီး ကျွန်တော့်စိတ်ထဲမှာ ခံစား ထားပါတယ်” လို့ အွန်လိုင်းမှာ တင်ဖြစ်တဲ့ သီချင်းတွေနဲ့ပတ်သက်လို့ သျှန်ထွန်း (မြန်မာစာ)က ပြောပါတယ်။ သူ့အနေနဲ့ တေးရေးဆရာဖြစ်နေ တဲ့အတွက် ဘယ်အချိန် ဘယ်လိုသီချင်းရေးရမလဲဆိုတာကိုပဲ စိတ်ကူးဖြစ်နေ တာကြောင့် သီချင်းတွေကတော့ ဆက်ရေးသားနေဦးမှာပဲလို့ သျှန်ထွန်း (မြန်မာစာ)က ပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ ဘာသာရေးသီချင်းတွေ အများဆုံးရေးဖြစ်နေတယ်လို့လည်း သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here