အကယ်ဒမီအတွက် ဒရာမာမှ၊ ဟာသဆို မရွေးဘူးဆိုတဲ့ ခွဲခြားမှုတွေ မရှိပါဘူး အကယ်ဒမီ စိစစ်ရွေးချယ် ရေးအဖွဲ့ ဥက္ကဋ္ဌ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေ

0
218

 

၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်ရွေးချယ်မှုများကို ဇန်နဝါရီလ ၈ ရက်နေ့ကစတင်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ် လျက်ရှိပါတယ်။ အကယ်ဒမီထူးချွန်ဆုရွေးချယ်ရေးမှာ နှစ်စဉ်အကဲဖြတ်ပေး နေတဲ့အကယ်ဒမီဒေါ်ဝါဝါဝင်းရွှေကလည်း ဒီနှစ်မှာတော့ အကယ်ဒမီထူးချွန်ဆု စိစစ်ရွေးချယ်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက်နေတာကိုတွေ့ရပါတယ်။ ဥက္ကဋ္ဌတစ်ဦးအနေနဲ့ရော၊ ဝါရင့်သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ ဇာတ်ကားတွေ ကို ကြည့်ရှုနေတယ်ဆိုတဲ့ ဒေါ်ဝါဝါဝင်းရွှေရဲ့ အကယ်ဒမီအပေါ် သုံးသပ်မှု အမြင်က …

”ဒီနှစ်တော့ အားလုံးက အန်တီဝါရဲ့အနုပညာသမ္ဘာအနေနဲ့ရော၊ အန်တီဝါက ဒီလိုအကဲဖြတ်လုပ်ပေးတာလည်းကြာပြီဖြစ်တဲ့အတွက်ရော ဥက္ကဋ္ဌ အနေနဲ့ လုပ်ဆောင်ဖို့တင်ပြကြတဲ့အတွက် ဥက္ကဋ္ဌတာဝန်ကို လက်ရှိ ထမ်း ဆောင်နေပါတယ်။ ကြည့်ရှုသမျှမှာလည်း မနှစ်ကနဲ့ ဒီနှစ်နဲ့ဆိုရင် တော်တော် လေးကွာသွားတာကိုတွေ့ရပါတယ်။ အများကြီးလည်းတိုးတက်လာတယ်။ အားရစရာကောင်းတဲ့ အနုပညာရသမြောက်တဲ့ တကယ်ကိုဖော်ထုတ်နိုင်တဲ့ ဇာတ်ကားတွေလည်း ပေါ်ထွက်လာပါတယ်။ အန်တီဝါအဓိက တာဝန်ယူပြီး ကြည့်ရှုပေးတာကတော့ အဓိကသရုပ်ဆောင်တွေနဲ့၊ ဇာတ်ပို့အတွက် ကြည့်ရှု ပေးပါတယ်။ အားလုံးသော သရုပ်ဆောင်တွေ သရုပ်ဆောင်တဲ့နေရာမှာပီပြင်မှုနဲ့ ဝတ်စားဆင်ယင်မှု၊ အသံနေအသံထား လေယူလေသိမ်းစတာတွေက ဇာတ်နဲ့ အံဝင်ခွင်ကျရှိမရှိဆိုတာကို အဓိကထားအကဲဖြတ်ပါတယ်”လို့ အကယ်ဒမီ ဒေါ်ဝါဝါဝင်းရွှေက သုံးသပ်ပြောပြပါတယ်။

၂ဝ၁၇ ခုနှစ်အတွင်းမှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၅၃ ကားရုံတင်ပြသ ခဲ့ပြီး ဒီဇာတ်ကားများကိုလည်း ဇန်နဝါရီလ ၈ ရက်နေ့ကစတင်ပြီး မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု စိစစ်ရွေးချယ်ရေးအဖွဲ့က ကြည့်ရှုအကဲဖြတ်လျက်ရှိပါ တယ်။ အကယ်ဒမီရွေးချယ်မှုအတွက်တော့ ဒရာမာဇာတ်ကား၊ ဟာသဇာတ်ကား ခွဲခြားမှုမထားပါဘူးလို့ပြောပြတဲ့ အကယ်ဒမီဒေါ်ဝါဝါဝင်းရွှေက နေ့စဉ် ဇာတ်ကားကြည့်ရှုမှု အခြေအနေများနဲ့ပတ်သက်လို့လည်း . . .

”ဒီနှစ်မှာလည်း အကယ်ဒမီကို အလွှာစုံအတွက် ၁၁ ဆုအပြည့်အဝပေး မယ်လို့ အားလုံးဆုံးဖြတ်ထားကြပါတယ်။ လက်ရှိအကယ်ဒမီအဖွဲ့ဝင် အားလုံး လည်း ၃၆ ဦးရှိပါတယ်။ အန်တီဝါတို့ တစ်နေ့ကိုနှစ်ကားနှုန်းနဲ့ကြည့်ပါတယ်။ မနက်တစ်ကား၊ နေ့လယ်ပိုင်း တစ်ကားနဲ့တစ်ပတ်ကိုခြောက်ရက် ကြည့်ရှုအကဲ ဖြတ်ကြပါတယ်။ ကြည့်ပြီးသလောက်မှာလည်း တော်တော်လေးကို ရသစုံစုံလင် လင်နဲ့ကြည့်ခဲ့ရပါတယ်။ အခုကြည့်ပြီးသမျှ ဇာတ်ကားတွေထဲမှာလည်း တော် တော်လေးကောင်းမွန်တာကိုတွေ့ရပါတယ်။ အန်တီဝါတို့ဆုံးဖြတ်တဲ့နေရာမှာ ဒရမ်မာမှ ဟာသကားတွေကိုဆိုရင် အဓိကမထားဘူး ဒီလိုမျိုးတွေမခွဲခြားထား ပါဘူး။ ဟာသဆိုရင်လည်း သူ့ရဲ့ဟာသသရုပ်ဆောင်မှုကောင်းရင်၊ ပီပြင်ရင် စဉ်းစားပါတယ်။ ဒရာမာမှရယ်၊ ဟာသရယ်ခွဲခြားမှုမရှိပါဘူး” လို့ ပြောပြပါ တယ်။

၂ဝ၁၇ ခုနှစ်အတွက် အကယ်ဒမီဆုအပေါ် ရင်ခုန်စိတ်လှုပ်ရှားနေကြတဲ့ အနုပညာရှင်များအတွက်လည်း အကယ်ဒမီဒေါ်ဝါဝါဝင်းရွှေရဲ့ အကယ်ဒမီ စကား လက်ဆောင်က . . .
”အကယ်ဒမီဆိုတာကလည်း နတ်ကြီးပါတယ်။ အကယ်ဒမီဆိုရင်လည်း အနုပညာသမားတိုင်းက ရင်ခုန်ကြတယ်။ အဲဒီလိုပါပဲ၊ အန်တီ ဝါအတွက်လည်း ဥက္ကဋ္ဌအနေနဲ့ဆိုတော့ ဒီနှစ်ရွေးချယ်မှုက ပိုပြီးတာဝန်ကြီးပါတယ်။ ဇာတ်ကား တစ်ကားချင်းစီကိုကြည့်တိုင်းကြည့်တိုင်းလည်း ရင်ခုန်မှုတွေနဲ့ကြည့်ပေးနေပါ တယ်။ သရုပ်ဆောင်တွေရဲ့ လှုပ်ရှားမှုအသေးစိတ်ကို သေသေချာချာလေး ကြည့်ပေးတာဖြစ်တဲ့အတွက် အန်တီဝါ တစ်ခါတခါအားစိုက်ပြီးကြည့်မိရင် မျက်လုံးသိပ်မကောင်းတော့ မျက်လုံးကိုပြန်ပြန်မှိတ်ထားရတယ်။ အားလုံး ရင်ခုန်ကြသလို အန်တီဝါတို့အကဲဖြတ်တွေဘက်ကလည်း ရင်ခုန်ပြီး ကြည့်ရှုနေ ပါတယ်။ ဇာတ်ကားတိုင်းကိုတကယ်ခံစားပြီးလေ့လာနေတယ်။ တကယ်ရထိုက် တဲ့သူတွေရကြမှာပါ။ ရကြပါစေလို့ အန်တီဝါဆုတောင်းပေးပါတယ်”လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ -မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here