သုံးရောင်ခြယ်ခံရတဲ့ မိန်းကလေးတွေ ဘဝကိုခံစားပြီး ဝမ်းနည်းရပါတယ် ရွှေသမီး

0
279

အနုပညာပျိုးခင်း မင်းသား ငါးလက်ရဲ့ လက်တွဲခေါ်မှုနဲ့ ပရိသတ်အားပေးမူရှိလာတဲ့ သရုပ်ဆောင် ရွှေသမီးကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက် ပါဝင် သရုပ်ဆောင်ရိုက်ကူး ဖြစ်နေကြောင်းသိရပါတယ်။

လတ်တလောမှာတော့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ ‘ဒါ လား အမိုက်စား’ ရုပ်ရှင်ဇာတ်ကားမှာ အောင်ရဲ လင်း၊ မိုးပြည့်ပြည့်မောင်၊ ပိုင်ဖြိုးသု၊ ရတနာဗိုစတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ သူမအနေနဲ့ဒီရုပ်ရှင် ဇာတ်ကားမှာ ကုမ္ပဏီပိုင်ရှင် သူဋ္ဌေးမ ရွှေရွှေဆိုတဲ့ကာရိုက်တာနဲ့ပါဝင်နေကြောင်း လည်း ပြောပြခဲ့ပါတယ်။ ကာရိုက်ရွေးချယ်မှုနဲ့ ပတ် သက်ပြီး ကာရိုက်တာတိုင်းက သူမအတွက်ခက်ခဲ့နေ ပါသေးတယ်လို့ပြောလာတဲ့ သရုပ်ဆောင်ရွှေသမီးက..

”ဒီဇာတ်ရုပ်ကလွယ်တယ် ဟိုဇာတ်ရုပ်က ခက်ခဲတယ် လို့တော့ မရှိပါဘူး။ အားလုံးကတော့ ခက်ခဲပါတယ်။ လူတစ်ယောက်ကို ရယ်အောင်လုပ်ဖို့ခက်သလို ငိုအောင် လုပ်ဖို့လည်း ခက်ပါတယ်။ အဲဒီအတွက် ကားရိုက်တာတိုင်း ကတော့ ခက်ခဲနေပါသေးတယ်။ ကာရိုက်တာ တိုင်းက တော့ ကိုယ့်အတွက်စိန်ခေါ်မှုပါပဲ” လို့ပြောပြခဲ့ပါတယ်။

သူမကတော့ လက်ရှိမှာ ရုံတင် ပြသလျက်ရှိတဲ့ သုံးရောင်ခြယ်ရုပ်ရှင် ဇာတ်ကားမှာ နယ်စပ်မှာ ရောင်း စားခံရပြီး ဘဝပျက်သွားရတဲ့ ဇာတ်ရုပ်တစ်ခုကို ပရိသတ် ကြိုက်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒီရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အတွက် အပြင်လောကမှာ သုံးရောင်ခြယ်ခံရတဲ့ မိန်း ကလေးတွေကို သနားမိတယ်လို့ပြောလာတဲ့ သရုပ်ဆောင် ရွှေသမီးက …

”ညီမ သရုပ်ဆောင်တာကတော့ အပြင်ကအဲ့ဒီလို ဖြစ်သွားတဲ့ မိန်းကလေးတွေနဲ့ မတူတာတွေလည်း ရှိတာပေါ့နော်။ ညီမ စိတ်ကူးထားတဲ့ကာရိုက်တာ ကိုယ်လုပ်ချင်တဲ့ အိုက်တင်ကို ဒါရိုက်တာနဲ့တိုင်ပင်ပြီး တော့ လုပ်ခဲ့တာပါ။ အခြားတစ်ယောက်ရဲ့ ကာရိုက်တာ ကိုကြည့်ပြီးအဲ့ပုံစံအတိုင်းလုပ်ခဲ့တာတော့မဟုတ် ပါဘူး။ အဲ့ဒီလိုကာရိုက်တာမျိုးမှာ ကိုယ်တိုင်ပါဝင်ပြီး သရုပ် ဆောင်ရတော့ အဲဒီလိုတကယ်ဖြစ်သွားတဲ့ ကောင်မလေးတွေကို ပိုပြီးသနားမိပါတယ်။ စိတ်လည်းမကောင်းဘူး။ ဝမ်းလည်းနည်းတယ်။ အဲဒီကာရိုက်တာမှာ ကိုယ် သရုပ်ဆောင်တဲ့အခါ မှာလည်း ဝမ်းနည်းပါတယ်။ မိဘနဲ့ ခွဲခွာပြီးတော့ တိုင်းတစ်ပါးမှာ ဒုက္ခတွေ ခံနေရတယ် ဆိုတော့ တကယ်မတွေးရဲစရာပါပဲ။ ကိုယ်သာဆိုရင် အဲဒီလိုနေရာမှာဆိုရင် တစ်စက္ကန့်တောင် နေနိုင်မှာ မဟုတ်ပါဘူး။ အဲ့လိုမျိုးအလုပ်ကိုလည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်လည်း သူတို့ဘဝတွေကို ထပ်တူထပ်မျှခံစား ပြီးတော့ တကယ်သနားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here