ဘာပဲလုပ်လုပ် အဖေ့ရဲ့နာမည် မထိခိုက်ရအောင် ဂရုစိုက်ရတယ် မေတ္တာမြင့်မြတ်ဟိန်း

0
253

ဝါရင့်လူရွှင်တော်ကြီး ဦးမေတ္တာ ရဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းကလည်း ဖခင်ဖြစ်သူလိုပဲ လူရွှင်တော်တစ်ဦးအဖြစ် အနုပညာလောကမှာ ရပ်တည်နေပါတယ်။ သူ့အနေနဲ့ကတော့ ဖခင်ဖြစ်သူလိုပဲ အောင်မြင်တဲ့ လူရွှင်တော်ကြီးတစ်ဦး ဖြစ်ချင်တဲ့အတွက် ကြိုးစားသွားမယ်လို့ ပြောပြပါတယ်။ ပြက်လုံးပိုင်းနဲပတ်သက်လို့လည်း ဖခင်ဖြစ်သူက သူ့ကိုအမြဲဆုံးမလေ့ရှိကြောင်းကိုလည်း သူက ”အဖေကဘယ်လိုဆုံးမလဲဆိုတော့ ရိုင်းတဲ့ပြက်လုံးတွေဆိုရင် အဖေက မကြိုက်ဘူး။ သားအမိချင်းနားထောင်လို့ မသင့်တော်တဲ့ စကားတွေ ဘာတွေဆိုရင် အဖေကမကြိုက်ဘူး။ အတတ်နိုင်ဆုံး ကျွန်တော်တို့လည်း လုံးဝမပြောဘူး။ အဖေ့မူအတိုင်းပဲ သွားတာ များတယ်။ လုံးဝယဉ်ယဉ်ကျေးကျေးနဲ့ ပရိသတ်တွေရယ်ရအောင်ပဲသွားတယ်” လို့ မေတ္တာမြင့်မြတ်ဟိန်းက ပြောပါတယ်။ သူပြက်ချင် တဲ့ပြက်လုံးတွေကိုလည်း ဖခင်ဖြစ်သူနဲ့ တိုင်ပင်တာ မျိုးတွေရှိပြီး ဒီပြက်လုံးလေး ရေးထားတယ် ပြက်သင့်လားဆိုတာကိုအရင်ဆုံးမေးပြီးမှလုပ်ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဖခင်က နိုင်ငံကျော်လူရွှင်တော်ကြီး တစ်ဦးဖြစ်တဲ့အတွက် သူ့အနေနဲ့ဘာပဲလုပ်လုပ် အဖေ့ရဲ့ နာမည်ကိုမထိခိုက်ရအောင် ဂရုစိုက်ရတာမျိုးတွေလည်းရှိတယ်လို့ သူက ဆိုပြန်ပါတယ်။ ”ဘာပဲလုပ်လုပ် ဘာပဲ တီထွင်တီထွင် အမြဲငဲ့ရတယ်။ ကျွန်တော်က ဘာကိုဝါသနာပါလဲဆိုတော့ ဇာတ်ခုံပေါ်မှာ ကပြရတဲ့ Live ကို ပိုပြီးဝါသနာပါတယ်။ အဲဒီတော့ပြောလိုက်တဲ့ စကားတစ်ခုက ပရိသတ်တွေဆီကို တိုက်ရိုက်ရောက်တယ်။ ကိုယ့်ရဲ့တီထွင်မှုက ပရိသတ်တွေဆီ တိုက်ရိုက်ရောက်တယ်။ အဲဒီအချိန်မှာ ဘာကိုစဉ်းစားမိလဲဆိုရင် တီထွင်မှုတစ်ခုလုပ်ရင် ဒါလုပ်သင့်လား မလုပ်သင့်ဘူးလားဆိုတာ ပြန်တွေးတယ်။ ဘာကြောင့်လဲဆိုတော့ အဖေကဦးမေတ္တာဖြစ်နေတာကိုး။ ကိုယ်မကောင်း ရင် အဖေ့ကိုသွားထိမှာလေ။ အဲဒီအတွက် အားလုံးချိန်ပြီး သေချာငဲ့ပြီး သေချာလုပ်ရပါတယ်” လို့ မေတ္တာမြင့်မြတ်ဟိန်းက ပြောပါတယ်။ မေတ္တာမြင့်မြတ်ဟိန်းက အခုအချိန်မှာ ဖခင်ဖြစ်သူတည်ထောင်ထားတဲ့ မေတ္တာရွှေစင်အငြိမ့်အဖွဲ့မှာ လူရွှင်တော် တစ်ဦးအဖြစ် ပါဝင်ဖျော်ဖြေတင်ဆက်လျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here