သားဖြစ်သူ မင်းရွှေရောင်တင်နှင့်ပတ်သက်လို့ ပရိသတ်တွေရဲ့အသံကို အမြဲနားစွင့်ကာ ဆိုဆုံးမလေ့ ရှိတယ်ဆိုတဲ့ မအေးမမလှိုင်

0
198

အသက် ၅ နှစ်အရွယ်သာ ရှိသေးပေမယ့် ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်လို့နေတာကတော့ တင်မောင်ဆန်းမင်းဝင်းနဲ့ မအေး မမလှိုင်တို့ရဲ့သားလေး မင်းရွှေရောင်တင် (ခ) ပူတူးလေးပဲဖြစ်ပါတယ်။ သူဟာသဘင်မျိုးရိုးဗီဇပါ သူပီပီ ကလေးအရွယ်လေးနဲ့တင် ကတတ်ဆိုတတ်ပြောတတ်လို့နေပါပြီ။ ဒါကြောင့်လည်း ဒီအရွယ်လေးနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိနေတာလည်း ဖြစ်ပါ တယ်။ သို့ပေမယ့်လည်း တစ်ခါတလေမှာ ကလေးအရွယ်ဖြစ်နေတဲ့အတွက် ကလေးတို့ ထုံစံအတိုင်းစင်မြင့်ပေါ်မှာ ကလေး တစ်ယောက်ပုံစံမျိုးနဲ့ ပြုမူပြောဆိုတာလေးတွေက တချို့တွေရဲ့အမြင်မှာ ပြောစရာလေးတစ်ခုအနေနဲ့ ဖြစ်လို့နေခဲ့ပါတယ်။ ဒီအပေါ်မှာတော့ မိခင်ဖြစ်သူမအေးမမလှိုင်က ပရိသတ်တွေရဲ့ ပြောစကားတွေကိုလည်း အမြဲနားစွင့်ကာ သားဖြစ်သူ ကိုအမြဲ ဆိုဆုံးမလေ့ရှိပါတယ်။

”ပြောကြတဲ့သူတွေကိုလည်း အစ်မနေနဲ့ စိတ်မဆိုးပါဘူး။ လက်ခံပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သားရဲ့ အနေအထားကို အနီးကပ်မသိတဲ့သူတွေ မို့လို့ပါ။ တကယ်လို့သာ သားအကြောင်းကို လေ့လာကြည့်မိမယ်ဆိုရင် သူတို့ အဲဒီလိုပြောကြမှာမဟုတ်ဘူး။ သားနဲ့ အလှမ်းဝေးနေလို့သာ သူတို့ပြောတယ်လို့ အစ်မထင်ပါတယ်။ ဒီကလေးလုပ်လိုက်တဲ့ အမူအရာက ရိုင်းစိုင်းတဲ့အမူအရာလားပေါ့။ အစ်မတို့လည်း ဘာသာရေးလုပ်နေတဲ့ မိဘတွေဖြစ်တဲ့အတွက်ကြောင့် သားသမီး ကို အရိုင်းအစိုင်းအဖြစ်မခံပါဘူး။ ကလေးတွေမှာကျတော့ သူတို့လုပ်လိုက်တဲ့အရာက ရိုင်းလို့ရိုင်းမှန်းမသိတာမျိုးတွေရှိတယ်လေ။ သူတို့က ပြောလိုက်တယ်ဆိုပေမယ့် ဒါရိုင်းပါလားဆိုတာမသိတာမျိုးတွေရှိတယ်။ ဒါပေမဲ့ သားသားရိုင်းတယ်ဆိုရင် အစ်မအနေနဲ့ ဆုံးမတယ်။ ပရိသတ်တွေကပြောတယ် တအားအော်တယ်ပေါ့။ တအားအော်တယ်ဆိုရင် သားမအော်ရဘူး ဆိုတာဆုံးမတယ်။ ပရိသတ်တွေ မပြောခင်ကတည်းကလည်း အစ်မကဆုံးမတယ်။ ဒါပေမဲ့ ကလေးဆိုတာမျိုးက သူကစကား ပြောနေတယ်။ သူပြောချင်တဲ့ အကြောင်းအရာကို လူရွှင်တော်ကဖြတ်ပြောတယ်။ လူရွှင်တော်က ပြောလိုက်တဲ့ဟာကို သူအော်ပြီးတော့ တားဖို့ပဲသိတယ်။ သူပြန်ပြီး မဖြေတတ်သေးဘူး။ ဥပမာ ကိုဆန်းမင်းကနေတယ်ဆိုရင် လူရွှင်တော်က ပြက်လုံးပြက်လိုက်ပြီဆိုရင် ကိုဆန်းမင်းအနေနဲ့က ပြက်လုံးအဖွင့်အပိတ်ကို လုပ်တတ်တယ်။ သားအနေနဲ့ကကျတော့ မသိတဲ့ အတွက်ကြောင့် သူပြောချင်တဲ့အရာကို လူရွှင်တော်က ဖြတ်ပြောလိုက်ပြီဆိုရင် သူအော်တာပဲပေါ့။ အဲဒီ့တော့ဒီကလေးက ရိုင်းလို့ အော်တာလား၊ အနေအထားတစ်ခုကြောင့် အော်တာလားပေါ့။ အစ်မတို့အနေနဲ့ဖေ့စ်ဘုတ်ခ်မှာ ဖတ်ရပါတယ်။ ကော့ပြတယ်ပေါ့။ သူက ရိုင်းပြီးတော့ပရိသတ်တွေကို ကော့ပြတာလားပေါ့။ အစ်မအနေနဲ့ ကိုယ့်သားသမီးကို လေ့လာ တယ်။ သုံးသပ်တယ်။ သူ့အနေနဲ့ တမင်တကာကြီး ပရိသတ်တွေကို ကော့ပြတယ်ဆိုရင်တော့ အစ်မဆုံးမတယ်။ ကပြနေ ရင်းနဲ့ပရိသတ်တွေကိုရယ်အောင် လုပ်တယ်ဆိုရင်လည်း သားမလုပ်တော့နဲ့နော်။ သားရိုင်းတဲ့အလုပ်တွေ မလုပ်နဲ့ပေါ့။ ဒါပေမဲ့ကလေးဆိုတာမျိုးကကျတော့ ကိုယ်ပြောပြလိုက်တယ်ဆိုရင်လည်း စင်ပေါ်ရောက်ရင် သတိလွတ်တာမျိုးတွေလည်းရှိ တယ်။ စိတ်ဆိုတာမမှန်ဘူးလေ။ အဓိကတော့ သားသားလေးကို အနီးကပ် လေ့လာကြည့်ရင်တော့ ပိုပြီးတော့အဆင်ပြေမယ် လို့ အစ်မထင်ပါတယ်” လို့ သားဖြစ်သူနဲ့ ပတ်သက်လို့ မိခင်ဖြစ်သူ မအေးမမလှိုင်က ပြောပြပါတယ်။

လင်းအက္ခရာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here