အနုပညာဆိုတာ လုပ်စားစရာတစ်ခုလို့ မခံယူခဲ့တဲ့အတွက်ဆင်းရဲစွာနဲ့ ဖြတ်သန်းခဲ့ရတယ် ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်

0
174

”ကျွန်တော်အနေနဲ့ အနုပညာဆိုတာလုပ်စားစရာတစ်ခုလို့ကို မခံယူခဲ့တဲ့အတွက် ကျွန်တော့်ဘဝဟာ တော်တော်ဆင်းရဲစွာနဲ့ ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ အဲဒီလိုဖြတ်သန်းခဲ့ရပေမယ့် လူ ၈ဝ၊ ၁ဝဝကိုလည်း ကျွန်တော်ဦးဆောင်ခဲ့တယ်။ ပိုက်ဆံတစ်ပြားမှ မရှိဘဲနဲ့လေ။ မြို့တော်အင်အားသစ်ကြီးပျက်သွားမှာစိုးလို့လေ။ ကိုယ်ကျိုးစွန့်ပြီးတော့ ကျွန်တော်လုပ်ခဲ့တယ်” လို့ တစ်ချိန် ကမြို့ တော်အင်အားသစ်ဆိုတဲ့ ဇာတ်အဖွဲ့ကြီးကို ဦးဆောင်လုပ်ခဲ့တဲ့ မြို့တော်မောင်ယဉ်အောင်က သူ့ရဲ့ဖြတ်သန်းမှုကို ပြောပြ ပါတယ်။

၁၉၈၈ ခုနှစ် ကာလမှာတော့ ဆရာတော်တစ်ပါးထံမှာ ဇာတ်ပစ္စည်းတွေ အားလုံးကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီကာလကစပြီး အနုပညာကိုရပ်နားခဲ့တယ်လို့ မြို့တော်မောင်ယဉ်အောင်ကပြောပါတယ်။ သူ့ အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ‘ကိုးဆယ်ဆသာလိမ့်မယ်’ ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့ပြီး ဒီဇာတ်ကားနဲ့ပဲ ဒါရိုက်တာ ဆုကိုရရှိခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ‘နောင်တွင်ဥဒါန်းတွင်စေသတည်း’ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားပြီး နောက်ထပ်တစ်ကားအနေနဲ့ ‘မိုင်းပွန်းဧကရီ’ရုပ်ရှင်ဇာတ်ကားကြီးကို ထပ်မံရိုက်ကူးဖို့ရှိပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ပြဇာတ်ပေါင်းများစွာကို ရေးသားခဲ့သလို သူရေးသားထားတဲ့ ပြဇာတ်တွေကိုလည်း ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီးပြီဖြစ်ပါတယ်။ ပြဇာတ်အနေနဲ့ ကတော့ အခုလက်ရှိမှာ ‘ငါသည်အောင်ဆန်း’ ပြဇာတ်ကိုရေးသားထားပါသေးတယ်။

သူ့အနေနဲ့ ဒီ အသက် အရွယ်မှာတော့ အကျိုးရှိစေမယ့်ပြဇာတ်မျိုးတွေကိုပဲ အဓိကထားရေးသားချင်တော့ပြီး ငွေရေးကြေးရေး အကျိုး အမြတ်မဟုတ်ဘဲ၊ လူတွေအတွက် တိုင်းပြည်အတွက် မှတ်မှတ်ရရဖြစ်စေမယ့် ပြဇာတ်မျိုးတွေပဲ ရေးမယ်လို့ စိတ် ကူးကြောင်း၊ အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပြဇာတ်မျိုးကိုပဲလုပ်ချင်တော့ကြောင်း မြို့တော်မောင်ယဉ် အောင်ကပြောပါတယ်။ ပြဇာတ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးတဲ့အခါ ကွာခြားမှုတွေရှိကြောင်းကိုလည်း …

”အထူးသဖြင့်စကားလုံးပေါ့။ ပြီးတော့တင်ဆက်မှုတွေလည်း ကွာတယ်။ ရုပ်ရှင်ကတစ်ကတ်နဲ့တစ်ကတ်၊ တစ်ခန်းနဲ့တစ်ခန်းက ဖျတ်ဆို ပြောင်းလိုက်ရင်ပျောက်သွားတာကိုး။ ပြဇာတ်ကျတော့အဲဒီလိုလုပ်လို့မရဘူး။ ပြဇာတ်ကကျတော့ တစ်ခန်းနဲ့တစ်ခန်းအပြောင်းမှာ ဆက်တင်အခမ်းအနားတွေ၊ မိတ်ကပ်တွေကို အမြန် လုပ်ရတယ်။ ပြဇာတ်ကတော်တော်ခက်ပါတယ်။ ရုပ်ရှင်က စကားလုံးနဲ့ပြောတာများတယ်။ ပြဇာတ်က အရုပ်နဲ့ပြရတာများတယ်” လို့ ဒါရိုက်တာမြို့တော်မောင်ယဉ်အောင်ကပြောပါတယ်။

လင်းအက္ခရာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here