ပြန့်ကျဲနေတဲ့ ကမ္ဘာထဲ

0
122

ယင်ကောင်ဆိုတာ ရွံစရာတွေကြား ပျော်နေတာ
မနေ့ကဆိုတာ အိပ်မက်ဆန်လွန်းတဲ့အရာ
ဘာမှ နှစ်ခါထပ်မရဘူး

ရခဲ့လည်း မတူနိုင်တော့ဘူးဆိုတော့
မနက်ဖြန်ကို ရောက်တိုင်း ဘုရားရှင်ကို ကျေးဇူးတင်နေရ
ရယ်စရာရလို့ ရယ်တိုင်း စိတ်ထဲက အမြဲမပါတော့ဘူး
ခေတ်ကြောင့် လူတွေကြောင့် အငြင်းပွားမှုတွေ ပိုများလာ
ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးလည်း ချစ်ခိုက်မှာတောင် ဆွေးစပြုနေ
မမြင်ဖူးတဲ့ နိဗ္ဗာန်ကို ခင်ဗျားတို့ လိုချင်သလိုမျိုး
အဲဒီထက်ပိုတဲ့ လိုအပ်ချက်မျိုးနဲ့

ငြိမ်းချမ်းရေးကို ကျွန်တော်တို့ လိုအပ်ခဲ့တာ
ရတာ၊ မရတာ အသာထားဦး
မျှော်တော်ယောင်ဘဝဆိုတာလည်း သေမှကျွတ်မယ့် ဝဋ်နာကံနာတစ်မျိုးပဲ
အထွတ်အထိပ်ရောက်ဖို့ ကြိုးစားရင်း
နောက်ပြန်ပြုတ်ကျနေတာ ခေတ်လား လူတွေလား
တဖြည်းဖြည်းနဲ့ ကမ္ဘာကြီးလည်း လည်ပတ်နှုန်းတွေ နှေးသွားပြီလား
အခြေအနေအရ
ကိုယ့်စိတ်ဟာ ဘုရားတနေပြီး
ကိုယ့်လက်ဟာ အကုသိုလ်သီးတွေဆီ လှမ်းနေ
ပျော်စရာရှိရင် အများနည်းတူပျော်ပြီး
ဝမ်းနည်းစရာရှိရင် ဖွဲမီးလိုလောင်ပြီး
နေတတ်တာကလည်း

ကိုယ်ကပဲ တရားမဲ့တာလား ဘဝပေး ကုသိုလ်ပဲလား
ငါစဉ်းစားနေတဲ့အကြောင်း ပြန်စဉ်းစား နေရတာနဲ့
နှစ်တွေဟာ ဆွေးမြေ့ပျောက်ဆုံးကုန်ခဲ့ရ
ပျော်ခဲ့ကြဖူးလားဆို ပျော်ခဲ့ကြဖူးပါရဲ့
ငိုခဲ့ကြဖူးလားဆို ငိုခဲ့ကြဖူးပါရဲ့
အားလုံးဟာ ဓမ္မတာကြောင့်ချည်းပဲ
အဲ့ဒီလို လွှဲချလို့ ရခဲ့သော်ငြားလည်း
လျှောက်ရမယ့်လမ်းနဲ့ လှမ်းနေဆဲ ခြေထောက်ဟာ
အခုထိ ထပ်တူမကျသေး။

ငြိမ်းသွေး


LEAVE A REPLY

Please enter your comment!
Please enter your name here