ဖြူဖြူကျော်သိန်းနဲ့ အတွဲခွေထွက်ရှိမဲ့ ကော်ပရာ

0
154

အခုနှစ်ပိုင်းမှာ ဂီတလှုပ်ရှားမှုတွေ တော်တော်ကျဲပါးသွားတဲ့ ကော်ပရာက လတ်တလောမှာ နယ်ရှိုးပွဲတွေ ပြန်လည်ဖျော်ဖြေလာ သလို သူ့ရဲ့သီချင်းပိုင်းလှုပ်ရှားမှုအသစ်တွေကိုလည်း ပရိသတ်တွေ မြင်တွေ့ကြရဦးမှာပါ။ ကော်ပရာက အရင်ကတော့ အဆိုတော် ဖြူဖြူကျော်သိန်းအတွက် သီချင်းတွေအများဆုံး ရေးပေးဖြစ်ပြီး အခုလည်း ဖြူဖြူကျော်သိန်းနဲ့အတူ အတွဲခွေတစ်ခွေ ဖန်တီးနေတယ်လို့ ဆိုပါတယ်။ ဖြူဖြူကျော်သိန်းနဲ့အတူ ဖန်တီးထားတဲ့ အတွဲသီချင်းတွေက …

”အခုတော့ အရင်က တစ်ကိုယ်တော်အခွေအတွက်ဆိုပြီး ချန်ထားတဲ့ သီချင်းလေးတွေထဲက ဖြူဖြူကျော်သိန်းနဲ့ထွက်မယ့် အခွေ လေးမှာ ထည့်ဖို့စဉ်းစားထားပါတယ်။ ဖြူဖြူကျော်သိန်းနဲ့လည်း အတွဲဆိုထားတဲ့ သီချင်းနှစ်ပုဒ် ပါမှာပါ။ ကျန်တာက တစ်ယောက်ကို လေးပုဒ်စီပါပါမယ်။ သူနဲ့က ဟိုးအရင် ဆယ်နှစ်လောက်ကတည်းက အတူတွဲသီဆိုထားတဲ့ သီချင်းတွေရှိပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက် ကလည်း အတွဲဆိုဖြစ်ခဲ့သေးတယ်။ ဒီသီချင်းလေးတွေအပြင် သူ့အတွက်လည်း သီချင်းလေးပုဒ်ရေးပေးရမှာပါ။ ဖြူဖြူကျော်သိန်းနဲ့လည်း သေသေချာချာလေး အချိန်ပေးပြီး သီချင်းတွေကို Ugly Band နဲ့အတူပြန်တီးရမှာပါ။ ဒီအခွေလေးကိုလည်း လာမယ့်မိုးတွင်းကို အမီ ထွက်နိုင်အောင်ကြိုးစားမှာပါ” လို့ ကော်ပရာကဆိုပါတယ်။

ပရိသတ်တွေနဲ့ ထိတွေ့မှုနည်းပါးတဲ့အချိန်မှာ မိသားစုကို အချိန်ပေးသလို အိမ်မှာလည်း သီချင်းတွေရေးဖြစ်တယ်လို့ဆိုပါတယ်။ သီချင်းတွေရေးတဲ့အခါမှာလည်း အရင်အချိန်တွေနဲ့ ခံစားမှုတွေ ကွဲပြားနေတယ်ဆိုတဲ့ ကော်ပရာရဲ့ ဂီတခံစားမှုအပြောင်းအလဲတွေက…

”မဆိုတော့ဘူးလို့မေးကြတိုင်းလည်း ရင်ထဲမှာ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော် ဆိုချင်ပါတယ်။ အဆိုတော် တစ်ယောက်အနေနဲ့ပဲ ရပ်တည်လာခဲ့တော့ သီချင်းဆိုတယ်။ သီချင်းရေးတယ်ဆိုတာကိုပဲ လုပ်တတ်တယ်။ ဒါကိုပဲဝါသနာပါတယ်။ တခြားအလုပ်တွေ မရှောင်သာလို့လုပ်ရပေမယ့်လည်း သီချင်းဆိုတာက ဘဝအတွက် အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းပါ။ အကောင်းဆုံး ကြိုးစားပါမယ်လို့လည်း ကတိပေးပါတယ်။ ငယ်ငယ်က လူပျိုဘဝကဆိုရင် သီချင်းရေးတာတွေ ဘာတွေက လက်ရဲတယ်။ အခုဆို တစ်ခါ တလေကျရင် သီချင်းရေးဖို့က သိပ်ပြီးမရဲတော့ဘူး။ အသက်အရွယ်ကြောင့်လည်း ပါသလို၊ တစ်ခါတလေ စာသားအနုအရွတွေ ရေးလိုက်တဲ့အခါ တစ်ခါတလေဆို ကိုယ့်ဘာသာကိုယ် ရှက်တာမျိုးဖြစ်လာတယ်။ တကယ်ဆိုရင်တော့ သီချင်းမှာ ခံစားချက်တွေက အများကြီးပါ။တချို့ဆိုရင်လည်း အသက်ဘယ်လောက်ပဲကြီးကြီး သီချင်းရေးရင် အနုအရွလေးတွေရေးတယ်။ အခုလည်း အချစ်သီချင်း တွေ ဘာတွေပြန်ရေးဖြစ်ပါတယ်” လို့ပြောပြပါတယ်။

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here