ဒါရိုက်တာ ကြည်ဖြူသျှင် ရဲ့ စွန့်စားမှုတစ်ခု

0
137

ဒါရိုက်တာကြည်ဖြူသျှင်က ‘နှလုံးသားဆီသို့ လျှို့ဝှက်တံခါး’ ဗီဒီယိုဇာတ်ကားကို အောင်ရဲလင်း၊ ခင်ဝင့်ဝါတို့နဲ့အတူ ရိုက်ကူးပုံဖော်ထားပါတယ်။ အခုနောက်ပိုင်း ဗီဒီယိုဈေးကွက်ပျက်တဲ့ အနေအထားမှာရောက်ရှိနေပေမယ့်လည်း ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရတာက စွန့်စားမှုတစ်ခုဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က ပြောပါ တယ်။

”ဒီအခြေအနေက ရိုက်ကူးရင် ရှုံးမယ့်အနေအထားပေါ့။ ဒါပေမဲ့ ဘာပဲပြောပြော အဲဒီလိုဖြစ် နေတဲ့အချိန်မှာ မရိုက်ကူးရင်လည်း ဈေးကွက်က ပိုပြီး ပျောက်သွားဖို့ပဲရှိတော့တယ်။ အစ်မတို့ အနေနဲ့ စွန့်စားမှုတစ်ခုလည်းဖြစ်တယ်။ များသောအားဖြင့် ဒီလိုအချိန်မှာ ရိုက်ကူးရင် အားလုံး လျှော့ကြတယ်။ မင်းသားအကြီးသုံးရင် မင်းသမီး အငယ်သုံးတယ်၊ မင်းသမီးအကြီး သုံးရင် မင်းသားအငယ် သုံးကြတယ်။ နောက်မဟုတ်ရင် ဇာတ်ပို့လျှော့တယ်။ အစ်မကတော့ ဘာတစ်ခု မှလျှော့ပြီး သုံးမထားပါဘူး၊ ကိုယ့်စေတနာ ကိုယ်အကျိုး ပြန်ပေးမှာပါ၊ အဲဒါကြောင့် ပရိသတ် အားပေးမှုရမယ်လို့ ယုံကြည်တယ်။ အစ်မတို့စွန့်စားတယ်ဆိုတာကလည်း ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ ကိုယ့်ကို ယုံကြည်မှုတစ်ခုတည်းနဲ့ စွန့်စားတာပါ” လို့ သူက ပြောပါတယ်။

မကြာခင်ကမှ ရိုက်ကူးခဲ့တဲ့ My Country My Home (ဇာတိမြေ) ရုပ်ရှင်ကားကြီးကလည်း မကြာခင် အထူးပွဲပြသတော့မှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဇာတ်ကားကို ပြန်ပြီး ကြည့်ရှုလိုက်တိုင်း ကျေနပ်မိတဲ့ ဒါရိုက်တာကြည်ဖြူသျှင်က ဒီဇာတ်ကားက သူ့အတွက် အမြဲတမ်းဂုဏ်ယူမိတဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပါတယ်။

”အဲဒီဇာတ်ကား လေးကိုပြောမယ်ဆိုရင် ပြန်လည်ကြည့်ရှုလေကျေနပ်လေပဲ။ တစ်ခါကြည့်ရင် တစ်ခါ ကျေနပ်တယ်။ နှစ်ခါကြည့်ရင် နှစ်ခါကျေနပ်တယ်။ ဘာကြောင့်လဲဆိုရင် အစ်မ အနေနဲ့ ဒါရိုက်တာသက်တမ်းမှာ နိုင်ငံခြားမှာသွားရောက်ရိုက်ကူးခွင့်ရခဲ့တယ်။ ဇာတ်ကလည်း ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့ ဇာတ်ကား၊ ကိုယ့် နိုင်ငံကလူငယ်တွေ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေအတွက် ကိုယ်စားပြုထား တာ၊ အဲလိုမျိုး ရည်ရွယ်ချက်တွေရှိတဲ့ ဇာတ်ကားတစ်ကားကို အစ်မ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရိုက်ကူးခွင့်ရတာကို ကြည့်ရှုလိုက်တိုင်းကျေနပ်တယ်။ ဂျပန် ဘက်ကရော၊ မြန်မာဘက်က သူတွေကိုရော ကျေးဇူးတင်တယ်။ ဒီဇာတ်ကားကို မြန်မာ နိုင်ငံမှာလည်း ပြသမယ်၊ဂျပန်မှာလည်းပြသမယ်၊ တခြားနိုင်ငံတကာပွဲတော်တွေမှာ လည်း တင်မှာပဲ။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ဇာတ်ကားအတွက် ကိုယ်အမြဲတမ်း ဂုဏ်ယူ မိမှာပဲ” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here