ရှင်ဥပ္ပဂုတ္တ မထေရ်မြတ်ကြီးရဲ့ ထေရုပ္ပတ္တိ ဖြစ်ရပ်မှန်ဇာတ်လမ်းမှာ မြေးတွေကိုလည်း ပါဝင်ရိုက်ကူးစေဖို့ အစီအစဉ်ရှိတဲ့ အကယ်ဒမီ ဝါဝါဝင်းရွှေ

0
165

ဝါရင့် အနုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီ ဝါဝါဝင်းရွှေက ကိုယ်တိုင် ဒါရိုက်တာအဖြစ်နဲ့ ရှင်ဥပ္ပဂုတ္တမထေရ်မြတ်ကြီးရဲ့ ထေရုပ္ပတ္တိဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားအနေနဲ့ရိုက်ကူးသွားဦးမယ်လို့ သိရပါတယ်။ ဒီဇာတ်ကား ရိုက်ကူးမှုမှာတော့ ငွေကြေးအကျိုးအမြတ်ကို အဓိကမထားဘဲ ဝါဝါဝင်းရွှေက အနုပညာနဲ့ သာသနာပြုဖို့ပဲရည်ရွယ်တယ်လို့ဆိုပါတယ်။ လူအင်အားများ များနဲ့ ရိုက်ကူးပုံဖော်မယ့် ဒီဇာတ်ကားအကြောင်း အရာတွေနဲ့ပတ်သက်ပြီး ”ဘာသာရေးအနေနဲ့လည်း ရှင်ဥပ္ပဂုတ္တမထေရ်မြတ်ကြီးရဲ့ ထေရုပ္ပတ္တိဖြစ်ရပ်မှန်ဇာတ်လမ်းကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးသွားမှာပါ။ ဒီရဟန်းမြတ်ကြီးကလည်း အခုထက်ထိ တောင်သမုဒ္ဒရာမှာ စံမြန်းနေပါတယ်။ ဒါကို အန်တီဝါက ရုပ်ရှင်အဖြစ်တင်ဆက်ခြင်းအားဖြင့် တစ်တိုင်းပြည်လုံးမှာရှိကြတဲ့ ခုနစ်ရက်သားသမီးတွေ ကျန်းမာကြမယ်။ ချမ်းသာကြမယ်။ အေးချမ်းကြမယ်။ သာယာဝပြောကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သာသနာပြုတဲ့အနေနဲ့ ရိုက်ကူးမှာပါ။ ဒီနှစ်အတွက် အကယ်ဒမီ ရွေးချယ်မှုလေးတွေပြီးတာနဲ့ အန်တီဝါ စတင်ရိုက်ကူးဖို့ရည်ရွယ်ထားပါတယ်။ ဇာတ်ညွှန်းတွေလည်း အားလုံးအဆင်သင့်ရှိနေပါတယ်။ ရိုက်ကူးမှုမှာလည်း လူအင်အားများမယ်။ ဆန်းပြားမယ်။ Setting တွေ၊ Animation တွေလည်း အများကြီးပါဝင်မှာပါ။ ဒီဇာတ်ကားကို အန်တီဝါကိုယ်တိုင်ပဲ ကိုယ့်ရဲ့အနုပညာနဲ့ သာသနာပြုမယ်။ သားကြီးဝင်းထွဋ်ဝင်းကလည်း တွဲဖက်ဒါရိုက်တာအနေနဲ့ပါဝင်မှာပါ” လို့ပြောပြပါတယ်။ မြေးဖြစ် သူများကိုလည်း ရိုက်ကူးရေးမှာပါဝင်သာသနာပြုစေချင်တဲ့ ဝါဝါဝင်းရွှေက-

”မြေးတွေကိုလည်း ငယ်ငယ်ကတော့ တကူကူးကူဇာတ်ကားမှာ ထည့်ပြီးရိုက်ကူးခဲ့ဖူးတယ်။ အခုတော့ သူတို့ အနေနဲ့ ဆိုနိုင်တယ်၊ ကနိုင်တယ်။ ဒါပေမဲ့ စာတွေတအားပိတယ်။ ဒါကြောင့်သူတို့လည်း ကျောင်းပိတ်တဲ့ရက်မှာ ရိုက်ကူးရေးနဲ့ကြုံရင် တစ်ထောင့်တစ်နေရာက သာသနာပြုလို့ရအောင်ဆိုပြီးတော့လည်း စဉ်းစားထားပါတယ်” လို့ ပြောပြပါတယ်။ လက်ရှိမှာ ဝါဝါဝင်းရွှေအနေနဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ရသလို၊ သူချစ်တဲ့ အနုပညာ အသိုင်းအဝိုင်းကြောင့်လည်း ပျော်ရွှင်ရတဲ့အကြောင်းကိုတော့ ”ကျန်းမာရေးအခြေအနေဆိုရင်တော့ အန်တီဝါက ကျန်းမာအောင် သတိလေးနဲ့နေပါတယ်။ သတိလေးနဲ့စားပါတယ်။ အန်တီဝါက နှလုံးသွေးကြောကျဉ်းတယ်။ ဒါပေမဲ့ အန်တီဝါ ဘာလို့ဒီလိုလှုပ်ရှားနေသလဲဆိုရင် ကိုယ်က အနုပညာကိုချစ်လို့ အနုပညာသည်တွေကိုချစ်လို့ပါ။ အနုပညာသည် တွေ အားလုံးက အန်တီဝါရဲ့ သားသမီးတွေပါပဲ။ အန်တီဝါကလည်း သူတို့ကိုချစ်တယ်။ ဒီလိုလေးနဲ့ပဲ လှုပ်ရှားသွားလာ နေပါတယ်” လို့ ဝါဝါဝင်းရွှေက ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here