သီချင်း တစ်ခွေထုတ်တယ် ၊ပရိုမိုးရှင်းပွဲတောင်မပြီးသေးဘူး၊ အွန်လိုင်းပေါ်မှာ လင့်ခ်တွေ တက်လာတယ်။ ဒါကြီးက မှားနေတယ်” Y-Zet

0
213

အဆိုတော် Y-Zet ဟာ လတ်တ လောမှာတော့ သူ့ရဲ့ အ ခွေထဲက သင်းတွဲတိမ်ဆိုတဲ့ သီချင်းလေးကို MTV ရိုက်ကူးထား ပြီး အွန်လိုင်းပေါ်တင်ပေးထားတယ်လို့ သိရပါတယ်။ သီချင်းတွေ အသစ်မလုပ် ဖြစ်ဘဲMusic Video တွေလုပ်ဖြစ်နေတဲ့ အ ကြောင်းကိုလည်း Y-Zet က “ခု လတ်တလောမှာတော့ ကျွန်တော့် သီချင်းထဲမှာရှိတဲ့ သီချင်းလေးတွေကို ပဲMusic Video လေးတွေ ရိုက်ကူးဖြစ်နေတယ်။ နယ်ဖျော်ဖြေပွဲတွေ သွား ဆိုလိုက်နဲ့ ဟိုပွဲဒီပွဲသွားရောက်ပြီးတော့ သီဆိုလိုက်နဲ့ သီချင်းအသစ် လေးတွေလုပ်ဖို့ နည်းနည်းလေးကြာနေတာပါ။ သင်္ကြန်ပြီးရင်တော့ အကုန်လုံး ပြင်ဆင်သွားမှာပါ”လို့ ပြောပါတယ်။

ရွှေထူး၊Oasix,Y-Zet ဆိုပြီး သူငယ်ချင်းတွေ စုံစုံလင်လင်နဲ့ ပွဲတော်တော်များများမှာ သီချင်းတွေဆိုဖြစ်ကြတာတွေ့ရပါတယ်။ သူငယ်ချင်းတွေ စုံစုံလင်လင်နဲ့ သီချင်းဆိုတဲ့ အချိန်မှာ ခံစားချက်က ဘယ်လိုရှိမလဲမေးကြည့်တဲ့အခါမှာတော့ Y-Zet က “ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် စင်ပေါ်မှာ သီချင်းတွေတူတူဆိုကြတဲ့အခါ ပျော်ဖို့လည်းကောင်းတယ်။ ပရိသတ်တွေလည်း သဘောကျတာကိုတွေ့ရတယ်။ ခုကျောင်းသင်္ကြန်တွေလုပ်ကြတယ်။ ဒီနှစ်ဆို ရန် ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ လှိုင်နယ်မြေပေါ့နော်။ အများကြီးပဲ။ ဖိတ်တော့ သွားဆို ဖြစ်တယ်။ တစ်ခုရှိတာက သွားဆိုတဲ့အခါမှာလည်း သူငယ်ချင်းတွေ အမြဲတမ်းစုံစုံလင်လင်ပဲဆိုဖြစ်တဲ့ အခါ ကျတော့ ကျွန်တော်တို့ သူငယ်ချင်းအားလုံးကို ဖိတ်တဲ့ပွဲတွေပဲဆိုဖြစ်တာတွေရှိတယ်။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် အမြဲတမ်းပွင့် ပွင့်လင်းလင်းပဲ။ သူမှားသွားတာရှိလည်း ကျွန်တော်တို့က တဲ့(ဒဲ့)ပြော တယ်။ မင်းမှားတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကဲခတ်သုံးသပ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သူ ငယ်ချင်းဘက်ကပဲ ရပ်တည်ပေးကြတယ်။ သူငယ်ချင်းသုံးယောက် အေးအေးဆေးဆေးနဲ့ သီချင်းတွေ အများကြီး ဆိုချင်တယ်”လို့ ပြောပါတယ်။

သီချင်းခွေမထွက်ရှိဘဲ အွန်လိုင်းမှာ သီချင်းတွေတက်တာတွေနဲ့ပတ်သက်ပြီး Y-Zet က “သီချင်းတွေ အရင် မထွက်ဘဲ အွန်လိုင်းပေါ်မှာ လင့်ခ်တွေတက်ပြီး ဒေါင်းကြတာတွေတွေ့ရတယ်။ လင့်ကိစ္စကတော့ အရင်ကလည်း ကျွန်တော်တို့တွေပြောခဲ့တာတွေရှိတယ်။ အခုလည်း သီချင်းတစ်ခွေထုတ်တယ်။ ပရိုမိုးရှင်းပွဲတောင်မပြီးသေး ဘူး။ အွန်လိုင်းပေါ်ကို လင့်ခ်တွေတက်နေတယ်။ ဒါကြီးက မှားနေတယ်ဆိုတာသိတယ်။ ဒါပေမဲ့ ဘယ်လို အဖြေရှာရမလဲဆိုတာ ကျွန်တော်တို့ အားလုံးမသိကြဘူး။ ဒါကတော့ အဖြေရှာသင့်တဲ့ကိစ္စတစ်ခုပါ။ ဒါပေမဲ့ တချို့ပရိသတ်တွေ ကိုယ်တကယ်ကြိုက်တဲ့အဆိုတော်တွေကိုတော့ မူရင်းခွေအားပေးတာကိုတွေ့ရတယ်။ အဲ့ဒီလို ပရိသတ်တွေရှိတဲ့အတွက် ကျွန်တော်တို့အားတက်ရပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here