သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ အဖြစ် ပြန်လည်အရွေးချယ်ခံရတဲ့ ကိုဖိုးချစ်အပေါ် ဟန်ဇာမိုးဝင်းရဲ့သဘောထား

0
227

သဘင်အစည်းအရုံး(ဗဟို)ရဲ့ ဥက္ကဋ္ဌတစ်ဦးအနေနဲ့ မြို့ရွှေမန်းသားဖိုးချစ် ပြန်လည်အရွေးချယ်ခံရခြင်းကို သူ့အနေနဲ့ ပျော်ရွှင်မိကြောင်း ဟန်ဇာမိုးဝင်းက ပြောပါတယ်။ သဘင်ဥက္ကဋ္ဌ ဖိုးချစ်က သဘင်အပေါ်ကို စိတ်နှစ်ပြီး တကယ်အလုပ်လုပ် တာကိုတွေ့ရတဲ့အတွက် လေးစားမိကြောင်း သူက ပြောပါတယ်။

”သူငယ်ချင်းဆိုပေမယ့်လည်း သူငယ်ချင်းပိုင်းက တစ်ပိုင်း၊ ချစ်တာ ခင်တာက တစ်ပိုင်းပါ။ လေးစားတာက တစ်ပိုင်း ပါ။ ရုံးအလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တယ်။ plan တွေ ဆွဲတာ တအားကောင်းတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို သူငယ်ချင်းလိုလည်း ချစ်တယ်။ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့လည်း လေးစားတယ်။ ဥက္ကဋ္ဌအဖြစ် သူပြန်ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က ကျေနပ်တယ်။ ဒါပေမဲ့ သူတော့ ပင်ပန်းတာပေါ့လေ။ သူ့ကိုလည်း ဘယ်သူ ပဲပြောပြော ဘယ်သူပဲဆဲဆဲ သဘင်အတွက် အနစ်နာခံပြီး လုပ်ပေးတဲ့အတွက် ကျေးဇူးလည်း အများကြီးတင်ပါတယ်” လို့ သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ကိုဖိုးချစ်နဲ့ပတ်သက်လို့ သူ့ရဲ့ အမြင်ကို ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။ သဘင် အစည်းအရုံး(ဗဟို)ရဲ့ အတွင်းရေးမှူးဖြစ်ခဲ့တဲ့ ဦးမိုးဝင်းကိုလည်း သဘင်အစည်းအရုံးရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခဲ့ကြပါတယ်။ အရင်က အတွင်းအရေးမှူးအနေနဲ့ သဘင်အကျိုးကိုလုပ်ဆောင်ခဲ့တုန်းကလည်း သူ့ကို ဝေဖန်ခဲ့ကြတာတွေရှိခဲ့ပါတယ်။ ဒီအပေါ်မှာ သဘင်လောကအကျိုးကို ဆောင်ရွက်နေတဲ့ ဖခင်ဖြစ်သူကို ဖေ့စ်ဘုတ်ခ်မှာ လူတချို့ရဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေကို တွေ့မိတဲ့အခါ သားတစ်ယောက်အနေနဲ့ ဘယ်လိုခံစားချက်ဖြစ်မိလဲလို့ ဟန်ဇာ မိုးဝင်းကိုမေးတော့ …

”ဘယ်သားသမီးကမှ ကိုယ့်အဖေအကြောင်း ပြောတာကို ကြိုက်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့လည်း မကြိုက်ပါ ဘူး။ ဒါပေမဲ့ အဖေ ဘာကြောင့်အပြောခံနေရလဲလို့ ကျွန်တော်ပြန်စဉ်းစားတိုင်း သဘင်အတွက်အပြောခံရတယ်ပေါ့။ ကျွန်တော်တို့ ပရဟိတလုပ်တုန်းကတောင် ပြောကြတဲ့ လူတွေ၊ ဆဲကြတဲ့လူတွေ ရှိတာပဲလေ။ အဲဒီတော့ ပရဟိတအနေနဲ့ ကူညီပေးနေတာတောင်မှ အပြောခံခဲ့ကြရတာပဲဆိုတဲ့ အတွေးကိုခေါင်းထဲမှာထည့်ထားလိုက်တယ်။ ပြောတယ်ဆဲတယ်ဆိုတဲ့ သူတွေကလည်း ထဲထဲဝင်ဝင်မသိလို့ ပြောမိတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါမှမဟုတ်ရင် ပြောကိုပြောချင်နေတဲ့ လူတန်းစားတစ်ရပ်လည်း ရှိတယ်။ ဘာလုပ်လုပ် အမြင်မကြည်တာမျိုး တွေလည်းရှိတယ်။ လောကကြီးမှာ လူပေါင်းစုံရှိ တယ်။ သူတို့ကို အများကြီး ထည့်တွက်နေစရာမရှိဘူး။ကိုယ် လုပ်စရာတဲ့အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း မှန်မှန်ကန်ကန် လုပ်နေရင် ပြီးတာပါပဲ”လို့ ဟန်ဇာမိုးဝင်းက ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here