သဘင်ထက် ရုပ်ရှင်ပိုင်းကို ပိုလုပ်ဖြစ်သွားမယ့် ဂရိတ် ဦးဘိုးစိန်ရဲ့ မျိုးဆက်၊သရုပ်ဆောင် ထွန်းဝီရ

0
290

 

စိန်မဟာသဘင်ရဲ့ မျိုးဆက် ပတ္တမြားကေခိုင်ရဲ့ သားဖြစ်တဲ့ ထွန်းဝီရကို ပရိသတ်တွေ သိရှိကြမှာပါ။ သူဟာ ကလေးသရုပ်ဆောင်အနေနဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ ဖူးပါတယ်။

အဓိကဇာတ်ဆောင်အနေနဲ့လည်း ‘ဟီးရိုးဂျုနီယာ’ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးဖြစ်ခဲ့ပြီး ဗီဒီယိုဇာတ်ကားအနေနဲ့ ၁ဝ ကား၊ ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ၃ ကား လောက်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ကလေးသရုပ်ဆောင်အနေနဲ့ ရိုက်ကူးရင်း ၈ တန်းလောက်မှာတော့ သရုပ်ဆောင်ပိုင်းကို ခဏနားခဲ့ပြီး အခုအချိန်မှာတော့ တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုထားပြီးပြီဖြစ်တာကြောင့် အနုပညာအလုပ် တွေကို ပြန်လည်လုပ်ကိုင်တော့မှာလည်း ဖြစ်ပါတယ်။ သဘင့်ဦးသျှောင် ဂရိတ်ဦးဘိုးစိန်ရဲ့ မျိုးဆက်တစ်ဦးဖြစ်ပေမယ့်လည်း သူကတော့ ဇာတ်သဘင် ထက် ရုပ်ရှင်ပိုင်းကို ပိုအားသန်မိတယ်လို့ ဆိုပါတယ်။

”ဇာတ်ပညာက ထင်ထားထက်ကို ပိုပြီးတော့ ခက်ခဲနက်နဲ တဲ့အတွက် ကျွန်တော့်အလှည့်ကျရင် မလုပ်နိုင်မှာကို စိုးရိမ်မှုတွေရှိတယ်။ ပြီးတော့ သဘင်က မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်တဲ့အတွက် ကျွန်တော်တစ်ခုခု လုပ်လိုက်လို့ အမှားဖြစ်သွားမှာတွေ၊ လုပ်လို့ မပြည့်စုံမှာတွေ၊ လိုအပ်ချက် တွေ အများကြီးရှိမှာတွေ၊ အဲဒါတွေအတွက် စိုးရိမ်တာပါ။

ပြီးတော့ အမေတို့လုပ်တဲ့ ဘိုးဘိုးကြီးဦးဘိုးစိန်ပွဲတွေ၊ ပါတော် မူပွဲတွေကို ကြည့်ခဲ့ရတယ်။ ကြည့်တဲ့သူတစ်ယောက်အနေနဲ့ဆိုရင်တော့ ကျွန်တော်တကယ် ကြိုက်နှစ်သက်ပါတယ်။ ကျွန်တော်တကယ်လည်း အားကျပါတယ်။ဇာတ်ပွဲကြည့်ရတာလည်း ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် မလုပ်နိုင်မှာမျိုးကိုတော့ ကျွန်တော်နည်း နည်း စိုးရိမ်မှုတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဇာတ်ကဖို့ တော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် က ငယ်ငယ်လေးကတည်းကလည်း မြန်မာအကကို မသင်ခဲ့ရဘူးလေ။ အိမ်ကတော့ တအားဖိအား မပေးပေမယ့် ဦးလေးကတော့ ကရမယ်လို့တော့ ပြောပါတယ်”လို့ ထွန်းဝီရက သဘင်နဲ့ပတ်သက်လို့ စိုးရိမ်မှုရှိကြောင်း ပြောပြပါတယ်။ သူက ရုပ်ရှင်ပိုင်း ကိုတော့ ဇောက်ချလုပ်ကိုင်ဖို့ အစီအစဉ်ရှိပြီး ငယ်စဉ်က ကလေးသရုပ်ဆောင်အဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုတော့ သူ့အနေနဲ့ ပြန်မကြည့်ဖြစ်ဘဲ ကြည့်တဲ့အခါ ရှက်မိ တယ်လို့ ရယ်ရင်းဆိုပြန်ပါတယ်။ ရုပ်ရှင်ပိုင်းမှာ သူအားကျမိတဲ့သူကတော့ အကယ်ဒမီ နေတိုးပဲဖြစ်ပြီး သူ့ဆီကနေ အတုယူဖြစ်ပါတယ်လို့ ပြောပါတယ်။

”ကျွန်တော်ငယ်ငယ်က သရုပ်ဆောင် ခဲ့ဖူးပါတယ်။ ကျွန်တော့်ကို အားပေးခဲ့ တယ်ဆိုလည်း အခု ကျွန်တော်ရှေ့ဆက် မယ့် အနုပညာတွေမှာ ကျွန်တော့်ကို ဆက် ပြီးအားပေး ပေးပါ။ ကျွန်တော့်ကို အရင်က မသိခဲ့ဘူးဆိုရင်လည်း အခုကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်။ ကျွန်တော့် ကို အားပေးပေးပါ” လို့ ထွန်းဝီရက ပရိ သတ်တွေကို အားပေးစေလိုကြောင်း ပြောခဲ့ ပါတယ်။

မိခင်ဖြစ်သူ ပတ္တမြား ကေခိုင်ကလည်း စိန်ပန်းရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးကို တည်ထောင်ထားတဲ့အတွက် နောက်မကြာ ခင်မှာတော့ ထွန်းဝီရရဲ့ ဇာတ်ကားတွေ ထွက်လာတော့မလားဆိုတာကိုတော့ ပရိ သတ်တွေ စောင့်မျှော်ကြရတော့မှာဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here