အားငယ်မှုတွေရှိခဲ့ရသူ ထက်ထက်မိုးဦး

0
177

ပရိသတ်များ မျှော်လင့်စောင့်စားနေကြတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ‘ရှယ်ချွေးမ’ ရုပ်ရှင်ဇာတ်ကားကြီး ကို ဧပြီလ ၂၇ ရက် နေ့က စတင်ကာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ထက်ထက်မိုးဦးက အောင်ရဲလင်းရဲ့ မိန်းမ၊ သူငယ်ချင်းဖြစ်သူ စိုးမြတ်သူဇာရဲ့ ချွေးမတစ်ယောက်နေရာကနေ ပါဝင်သရုပ်ဆောင်ထားရတာဖြစ် ပါတယ်။ အနုပညာအလုပ်နဲ့ပတ်သက်ပြီး အချိန်အတော်ကြာ အနားယူပြီးခါမှ ပထမဆုံးပြန်လည်ရိုက်ကူးရတဲ့ ဇာတ် ကားဖြစ်ပါတယ်။ အဲဒီဇာတ်ကားရိုက်ကူးစဉ်မှာတုန်းကဆိုရင် သူ့မှာ အားငယ်မှုတွေရှိနေကြောင်းကို ထက်ထက်မိုးဦးက…

”ဒီဇာတ်ကားရိုက်ကူးတုန်းက အားငယ်တယ်။ ဘာလို့လဲဆိုတော့ တအားဝနေတာလည်း ပါတယ်။ ပြီးတော့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးမယ်ဆိုတော့ ခေတ်နဲ့များ အလှမ်းဝေးနေမလား။ ကိုယ်ပြောတဲ့ စကား ကိုယ်ပြင်တဲ့ အလှအပက အစနောက်ကျနေတယ်ဆိုတာကို စိတ်ထဲကသိနေတော့ နည်းနည်းတော့အားငယ်တယ်။ နောက်ပြီး စစချင်းပြန်ရိုက်ကူးရတာဆိုတော့ ရင်တွေလည်း တအားခုန်တယ်။ ငယ်ငယ်တုန်းက စရိုက်ရိုက်ချင်း ဝမ်း တူး သရီး အက်ရှင်ဆိုတာနဲ့ ခုန်လိုက်တဲ့ ရင်ခုန်သံနဲ့ ကိုယ်ပြောရမယ့် ဒိုင်ယာလော့ခ်တွေ အတွက် စိတ်ကို မနည်းစုစည်းပြီးမှ ရိုက်ကူးခဲ့ရသလိုပဲ မနည်းကြိုးစားပြီးလုပ်ခဲ့ ရတာပါ” လို့ ပြောပြပါတယ်။ ဒါပေမဲ့လည်း ကိုယ်ကိုယ်တိုင် ဇာတ်ကားကို ပြန်ပြီးကြည့်ရှုလိုက်ရတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှု ဖြစ်မိသလို သူငယ်ချင်းဖြစ်သူ စိုးမြတ်သူဇာကို တအားကြိုက်တဲ့ ဇာတ် ဝင်ခန်းတစ်ခန်းရှိကြောင်းကိုလည်း ထက်ထက်မိုးဦးက . . .

”ကိုယ်ကိုယ်တိုင် ကြည့်ရှုလို့မဝဘူး။ ထပ်ထပ်ကြည့်ချင်တာ။ ရယ်ရလို့လေ။ သူငယ်ချင်းနဲ့လည်း ရိုက်ကူးရ၊ ဇာတ်လမ်းကလည်း ရယ်ရဆိုတော့ စိုးစိုး ( စိုးမြတ်သူဇာ)နဲ့ ထက်ထက်တို့ ၂ ယောက်ထဲကို ရယ်နေရတာပဲ။ ထက်ထက်တို့ ၂ ယောက်ဆုံတဲ့ အကြိုက်ဆုံးအခန်းလေး ရှိတယ်။ အဲဒီအခန်းကလေးက ဘယ်အခန်းဖြစ်မလဲဆိုတာ ပရိသတ် တွေကြည့်ရှုပြီး ပြောစေချင်တယ်။ ဒီဇာတ်ဝင်ခန်းကို ပြောပြပေးတဲ့ ပရိသတ်တွေအတွက် အစီအစဉ်တစ်ခုခုလုပ်ပေးမှာပါ။ ပရိသတ် ကြီးတွေ ပြောပြပေးနော်။ စိုးစိုးကို တအားကြိုက်တဲ့ အခန်းရှိ တယ်။အဲဒီအခန်းက တအားရယ်ရတယ်” လို့ပြောပြခဲ့ပါတယ်။ ဒီဇာတ်ကားက စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ် ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ဒီထုတ်လုပ်ရေးနဲ့ပဲ နောက်ထပ် ရုပ်ရှင်ဇာတ်ကားများ ဗီဒီယိုဇာတ်ကားများ ဆက်လက်ရိုက်ကူးသွားဖို့ စီစဉ်ထားကြောင်းသိရပါတယ်။ အခုနောက်ပိုင်း ပြန်လည် ရိုက်ကူးမယ့် ဇာတ်ကားတွေအတွက် ကတော့ အဓိက သရုပ်ဆောင်ဖြစ်မှ၊ နေရာကောင်းမှပဲ ရိုက် ကူးမယ်ဆိုတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းကောင်းရင် ဇာတ်လမ်း ကြိုက်ရင် ရိုက်ကူးသွားမှာဖြစ်တယ်လို့ ထက်ထက်မိုးဦးက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here