လေဖြတ်ရောဂါ ခံစားနေရသော ဟာသ လူရွှင်တော် ဦးဝင်းနိုင် (အနုပညာ) အား အနုပညာ လောကသားများမှ ဝိုင်းဝန်ကူညီ ထောက်ပံ့လျက်ရှိ

0
117

လူရွှင်တော်၊ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင် (အနုပညာ)က လေဖြတ်ရောဂါဝေဒနာဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရပါတယ်။ ပရိသတ်တွေ ကို ရယ်မောပျော်ရွှင်စေတဲ့ လူရွှင်တော်ဟာသ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ သူ့အတွက် ပရိသတ်တွေကလည်း စိုးရိမ်ပူပန် လျက်ရှိကြသလို အနုပညာညီအစ်ကို မောင်နှမတွေကလည်း ဆေးရုံသို့သွားရောက်ကာ အားပေးစကားပြောကြားပြီး ကူညီ ထောက်ပံ့ငွေများလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့သွားရောက် ပေးအပ် လျက်ရှိကြပါတယ်။

ဟာသလူရွှင်တော်၊ ဟာသသရုပ်ဆောင် ဦးဝင်းနိုင် (အနုပညာ)က ရန်ကုန်လူရွှင်တော်အသင်းရဲ့ နာယကကြီး တစ်ဦးဖြစ်ပြီး လူရွှင်တော်အသင်းနဲ့ ပတ်သက်လို့လည်း သြဝါဒ လမ်းညွှန်စကားများစွာ ပြောကြားပေးခဲ့သူတစ်ဦးလည်းဖြစ်ပါ တယ်။ ဒါကြောင့်လည်း လူရွှင်တော်အသင်းအနေနဲ့လည်း ဦးဝင်းနိုင် (အနုပညာ) ဆေးရုံတက်တက်ချင်းနေ့ဖြစ်တဲ့ မေလ ၂၁ ရက်နေ့က ရန်ကုန်ပြည် သူ့ဆေးရုံကြီးကို သွားရောက်ကာ ထောက်ပံ့ငွေ ကျပ် ၂ သိန်းပေးအပ်ခဲ့ပါတယ်။ ဒီ့နောက်မှာတော့ မြန်မာနိုင်ငံ သဘင်လူမှုကူညီစောင့်ရှောက်ရေး ကော်မတီမှ ကူညီထောက်ပံ့ငွေတစ်သိန်းကျပ်၊ စံပြသဘင်မှ ငါးသောင်းကျပ် စုစုပေါင်း တစ်သိန်းငါးသောင်းကျပ်တိတိကို သဘင်လူ/ကူ (ဗဟို)မှ ဒု/ဥက္ကဋ္ဌ ကိုဟန်ဇာမိုးဝင်းမှ သဘင် လူ/ကူ (ဗဟို) ကိုယ်စားသွားရောက်ကူညီ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လူရွှင် တော် ကောင်းကျော်တို့ အင်ပါယာအဖွဲ့ကလည်း သူတို့ရဲ့ အဖေဆရာလို့ သတ်မှတ်ခေါ်ဝေါ်ကြလေ့ရှိတဲ့ ဟာသလူရွှင်တော် ဦးဝင်းနိုင်(အနုပညာ)ကို သွားရောက် ဂါရဝပြု အားပေးစကားများ ပြောကြားခဲ့ပြီး ဆေးဝါး ကုသရန်အတွက်လည်း ငွေတစ်သိန်းကျပ်တိတိ ပေးအပ်ကန်တော့ခဲ့ကြပါတယ်။

ဦးဝင်းနိုင်(အနုပညာ)ဟာ လူရွှင်တော်တွေအတွက်တော့ လူရွှင်တော်ပညာရပ်များကို သင်ကြားပို့ချ ပေးနေတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးလည်း ဖြစ်ပြန်ပါတယ်။ သူဟာ သဘင်ပိုင်းမှာတင်မကဘဲ ရုပ်ရှင်ပိုင်းမှာလည်း ဟာသသရုပ်ဆောင်တစ်ဦးအနေနဲ့ ဇာတ်ရုပ်တွေမှာ အံဝင်ခွင်ကျအောင် သရုပ်ဆောင်နိုင်တဲ့သူ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဟာသဇာတ်ရုပ်တွေကြောင့်လည်း ပရိသတ်တွေက ဘဝအမောတွေ ပြေစေနိုင်ခဲ့ပါတယ်။ ရုပ်ရှင်လောကသားတစ်ဦးဖြစ်တဲ့အတွက်လည်း ရုပ်ရှင်အစည်းအရုံးမှလည်း ဦးဝင်းနိုင် (အနုပညာ) အား သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့ပါတယ်။ ပြည်သူချစ်ဦးဝင်းနိုင် (အနုပညာ) တစ်ယောက် ရောဂါဝေဒနာများ အမြန်ဆုံး သက်သာပျောက်ကင်းပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နိုင်ပါစေကြောင်း ပရိသတ်တွေနဲ့ အနု ပညာလောကသားတွေကလည်း ဆုမွန်ကောင်းတောင်းလျက်ရှိကြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here