နိုင်ငံတကာအဆင့်မီ ဇာတ်ညွှန်းရေးဆရာများပေါ်ထွက်လာစေရန်ရည်ရွယ်သည့် ဇာတ်ညွှန်းရေးနည်းအခမဲ့သင်တန်း မန္တလေးမြို့တွင်ဖွင့်လှစ်မည်

0
169

မန္တလေး ဇွန် ၁

နိုင်ငံတကာအဆင့်မီ မြန်မာ့ဇာတ်ညွှန်းရေးဆရာတွေ ပေါ်ထွက်လာစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ Pen Myanmar က မန္တလေးမြို့မှာ ဇာတ်ညွှန်းရေးနည်း သင်တန်းတစ်ခု အခမဲ့ဖွင့်လှစ်သွားဖို့စီစဉ်ထားပါတယ်။

အခုလ ၂၃ ရက် မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပြီး ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီဆွေဇင်ထိုက်က ဦးဆောင်သင်ကြားပေးသွားမှာပါ။

“မန္တလေးက အနုပညာနဲ့ပတ်သက်လာရင် အစဉ်အလာကြီးတဲ့အနုပညာရှင်တွေရှိတယ်၊ အစဉ်အလာကြီးတဲ့ ရုပ်ရှင်သမားတွေရှိတဲ့မြို့မှာ ရုပ်ရှင်ရဲ့အဓိ ကျတဲ့ဇာတ်ညွှန်းရေးနည်းကို ဆရာမ(ဆွေဇင်ထိုက်)ကသင်ပေးမှာပါ၊ မန္တလေးမြို့က ရေခံမြေခံကောင်းတယ်၊ အစဉ်အလာကောင်းတွေရှိတယ်၊ ဒီလို အစဉ်အလာကောင်းတွေရှိတဲ့ဒေသကလူငယ်တွေကို မြေတောင်မြှောက်ပေးချင်လို့ မန္တလေးမှာလာဖွင့်ပေးတာပါ လို့” ဒီသင်တန်းအတွက်စီစဉ်ပေးတဲ့ Pen Myanmar အဖွဲ့အစည်းမှ ဥက္ကဌဖြစ်သူစာရေးဆရာဦးမျိုးမြင့်ညိမ်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

၁/၂၀၁၈ ဇာတ်ညွှန်းရေးနည်းသင်တန်း ဆိုပြီး မန္တလေးမြို့မှာ လာရောက်ဖွင့်လှစ်ပေးမှာဖြစ်တယ်လို့လည်းသိရပြီး မန္တလေးမြို့မှာ ဖွင့်လှစ်နိုင်ဖို့အတွက် ကိုတော့ မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီက ကူညီပံ့ပိုးပေးတာပဲဖြစ်ပါတယ်။

“မန္တလေးဆိုတာက ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုထင်ဟပ်စေမယ့်ဇာတ်ညွှန်းတွေထွက်လာဖို့ မျှော်လင့်ပါတယ်၊ ပညာရေး ကောင်းဖို့ အခြေခံကောင်းဖို့တော့လိုတာပေါ့နော်”လို့ အကယ်ဒမီဆွေဇင်ထိုက်ကပြောပါတယ်။

ဇာတ်ညွှန်းရေးသားခြင်းပညာရပ်ကိုစိတ်ဝင်စားလေ့လာလိုက်စားကြသူတွေအတွက် နိုင်ငံတကာတန်းဝင်တဲ့ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်နိုင်တဲ့ အထိ သင်ကြားပြသပေးသွားမယ့်သင်တန်းတစ်ခုပဲဖြစ်ပြီး ဒီ(မန္တလေးမြို့)သင်တန်းကို Pen Myanmar နဲ့ မန္တလေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ တို့ ပူးပေါင်းစီစဉ်တာပါ။

Pen Myanmar က ဇာတ်ညွှန်းရေးနည်းအခမဲ့သင်တန်းတွေကို ၂၀၁၆ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ရန်ကုန်မြို့မှာ နှစ်ကြိမ်ဖွင့်လှစ်သင်ကြား ပေးခဲ့ဖူးတယ်လို့သိရပြီး ထူးချွန်သင်တန်းသား ၅ ဦးပေါ်ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။

သင်တန်းတက်ရောက်လိုသူတွေဟာ အင်တာဗျူးဖြေရမှာဖြစ်ပြီး လျှောက်လွှာတွေကို မန္တလေးတိုင်းဒေသကြီးအန်အယ်လ်ဒီရုံး၊ မန္တလေးတိုင်း ဒေသကြီးအမျိုးသမီးကော်မတီရုံးခန်း၊ လူထုကြီးပွားရေးစာအုပ်တိုက် နဲ့ မန္တလေးတက္ကသိုလ်ဝင်းအတွင်းက လူထုစာအုပ်ဆိုင်တို့မှာ ထုတ်ယူနိုင်ပြီး ဇွန်လ ၁၉ ရက်နေ့မှာ လူတွေ့စစ်ဆေးခြင်းပြုလုပ်သွားမှာဖြစ် တယ်လို့ Pen Myanmar ကသတင်းထုတ်ပြန်ထားပါတယ်။

အသေးစိတ်ထပ်မံသိလိုရင်တော့ Pen Myanmar ရဲ့ Website မှာ ၀င်ရောက်ကြည့်ရှုလေ့လာနိုင်တယ်လို့သိရပါတယ်။

စောထွေး


LEAVE A REPLY

Please enter your comment!
Please enter your name here