တေးရေးဝေကြီးဆီကအဆိုတော်ဖြိုးပြည့်စုံ ပြန်ပြီး အတုယူနေရတဲ့ အချက်က ဘာလဲ

0
650

ဝေကြီးဆိုတာက လက်ရှိ Current မှာ Hit ဖြစ်နေတဲ့ တေးရေးဆရာတစ်ယောက်။ လက်ရှိထွက်ထားတဲ့ တေးစီးရီး တိုင်းလိုလိုမှာ ဝေကြီးရဲ့ တေးသီချင်းအနုပညာ လက်ရာတစ်ပုဒ်လောက်ပါပြီးသား။ ဝေကြီးမှ သီချင်း မရေးပေးရင် အဲဒီအခွေမပေါက်တော့လောက်အောင် နာမည်လည်းကြီး၊ ထူးလည်း ထူးချွန်တဲ့ တေးရေးဝေကြီးရဲ့ ဂီတခရီးလမ်းအစပိုင်းမှာ လက်တွဲခဲ့သူက အဆိုတော်ဖြိုးပြည့်စုံပါ။ ဖြိုးပြည့်စုံက သူ့ဆရာပါလို့ အင်တာဗျူးတစ်ခုမှာလည်း ဝေကြီးက ဖြေထားဖူးပါတယ်။ ဒါကြောင့် ဝေကြီးနဲ့ပတ်သက်လို့ ရင်းနှီး တဲ့ ညီအစ်ကို၊ သူငယ်ချင်း၊ စီနီယာတစ်ယောက်ဖြစ်တဲ့ ဖြိုးပြည့်စုံကို တေးရေးဝေကြီးအကြောင်း မေးဖြစ်တဲ့အခါ …

“ဝေကြီးရဲ့ အဓိကအားသာချက်က ဝမ်းစာပြည့်တာပေါ့နော်။ များသောအားဖြင့် လူငယ်တွေက ကြိုးစားချင်စိတ်ကတော့ ရှိကြတာပဲ။ သူသူကိုယ်ကိုယ်လေ။ ဒါပေမဲ့ ကိုယ် ဖြည့်တင်းရမယ့် ဝမ်းစာလိုအပ်နေတာပေါ့။ ဖြစ်ချင်တာပဲ သိတယ်။ ကိုယ့်မှာရှိတာကို မသိတာမျိုးတွေ များတယ်။ ဝေကြီးကတော့ သူဖြစ်လည်း ဖြစ်ချင်တယ်။ သူ့မှာရှိတဲ့ ဝမ်းစာကိုလည်း သိတယ်။ နောက်တစ်ခုက ကျွန်တော်တို့တွေ အောင်မြင်လာပြီဆိုရင်လေ အပျော်အပါးတွေများလာတယ်။ ကိုယ်ကိုယ်တိုင်က အစပါ။ ပျက်စီးချင်လာတာပေါ့နော်။

ဥပမာ- အလုပ်ကို အာရုံစိုက်ပြီး တိတိကျကျ မလုပ်ချင်ဘူး။ ဘော်ဒါတွေနဲ့ကဲချင်တယ်။ Night Out တွေထွက်ချင်တယ်။ အလုပ်လုပ်ရမှာနဲ့ အပျော်သွားရမှာဆိုရင် အပျော်ကိုပဲ ဦးစားပေးချင်တယ်။ ဝေကြီးမှာ အဲဒီလိုမျိုးလုံးဝမရှိဘူး။ တည်ငြိမ်တဲ့မိသားစုလေးနဲ့ အတူတူ သူက အလုပ်ကို ကြိုးစားတယ်။ ပြီးတော့ အရက်သေစာ သောက်စားတာတွေ၊ လောင်းကစား လုပ်တာတွေ၊ တခြား သူ့ကို ဂုဏ်ဒြပ်ကျစေမယ့်အရာတွေကို အဝေးမှာပဲ ထားတယ်။ အဲဒီအချက်တွေ က အစ်ကိုတို့ကိုယ်တိုင် ပြန်ပြီး အတုယူနေရတဲ့ အချက်တွေပေါ့။ ဒီအချက်တွေကြောင့်လည်း အောင်မြင် လာတယ်။ နောင်လည်း အောင်မြင်လိမ့်ဦးမယ်လို့ ယုံကြည်ပါတယ်” လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here