ရေခံမြေခံကောင်းလို့ သားသမီး အနာဂတ်ကောင်းတွေ အိမ်မက်မက်နိုင်ကြတယ်။

0
313

 

ရေခံမြေခံကောင်းလို့ အနာဂတ်ကောင်းတွေ အိပ်မက်မက်နိုင်ကြတယ်’ဆိုတာ တကယ့်လက်တွေ့ပါ။ မိဘက …ငွေကြေးချမ်းသာသူဖြစ်မယ်၊ ဒါမှမဟုတ် ငွေကြေးရော၊ အသိပညာရော ကြွယ်ဝသူဖြစ်မယ်ဆိုရင် သူကနေ မွေးဖွား လာတဲ့ သားသမီးဟာ ရေခံမြေခံကောင်းတယ်လို့ဆိုရမှာပေါ့။ အနည်းဆုံး မိဘကငွေကြေးချမ်းသာတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင်တောင် အဲဒီကလေးက အပူအပင်၊ အကြောင့်အကြကင်းစွာနဲ့ ပညာသင်ယူနိုင်မယ်။ နေနိုင်၊ စားနိုင်မယ် လေ။ မိဘကငွေကြေးရော၊ အသိပညာတွေပါ ပြည့်စုံကြွယ်ဝပြီဆိုလို့ကတော့ ဆိုဖွယ်ရာမရှိတော့ပါဘူး။ မိမိကလေးကို ထူးချွန်ထက်မြက်စေဖို့အတွက် အမြဲတမ်းပံ့ပိုးစွမ်းရည်မြှင့်တင်ပေးနေတော့မှာပါပဲ။ ရေခံမြေခံကောင်းတယ်ဆိုတာ ဒါကိုဆိုလိုတာပါ။ ဥပမာအနေနဲ့ပြောရရင် အသက် ၆ နှစ် အရွယ်ရောက်နေပြီဖြစ်တဲ့ အဆိုတော်ဇော်ပိုင်ရဲ့သားလေး ရွှေပိုင်…။

ဖခင်ဖြစ်သူက နာမည်ကြီးအဆိုတော်၊ မိခင်ဖြစ်သူကလည်းထက်မြက်တယ်။ ရေခံမြေခံကောင်းတဲ့ ရွှေပိုင် လေး၊ အရွယ်ရောက်လာတဲ့အခါ မိမိသွားချင်တဲ့လမ်းကြောင်းကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိမှာမလွဲပါ။ သားဖြစ်သူကို အချစ်တွေပိုနေတဲ့ ဇော်ပိုင်က …


“ကျွန်တော်တို့ လင်မယားနှစ် ယောက်စလုံးက အလုပ်တွေနဲ့ဆိုတော့ ခရီးအလွန်ထွက်ရတဲ့ သဘောသဘာဝရှိပါတယ်။ သားက တစ်ယောက်တည်းကျန်ခဲ့ရတာပေါ့။ အိမ်မှာ အဘိုး၊ အဘွားတွေတော့ရှိတာပေါ့လေ။ ကျွန်တော်တို့က ရန်ကုန် ပြန်ရောက်ပြီ၊ အလုပ်အားပြီဆိုတာနဲ့ သားအနားမှာပဲနေတယ်။ သူကလည်းသိတယ်။ ကျန်တဲ့အချိန်တွေဆို ဘာမှလည်းမပြောဘူး။ ကျွန်တော်တို့ အားပြီဆိုတာနဲ့ သူကလည်း လုံးဝအလွတ်မပေးဘူး။ သူသွားချင်တဲ့နေရာ၊ သူစားချင်တဲ့ အစားအစာ၊ သူဖြစ်ချင်တာတွေကို ကျွန်တော်တို့က လိုက်ပြီးတော့ ဖြည့်ဆည်းပေးတာပေါ့”လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။


မိဘတွေဆိုတာ မိမိတို့သားသမီးလေးတွေကို သူတို့ဖြစ်ချင်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် အတတ်နိုင်ဆုံး ပံ့ပိုးပေးကြ တာပါပဲ။ ရေခံမြေခံကောင်းတာ၊ မကောင်းတာနဲ့ သားသမီးတွေရဲ့ဖြစ်ခြင်း၊ မဖြစ်ခြင်းပေါ်မှာပဲမူတည်တာပါ။ အခုဆို အနုပညာ လောကမှာ အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေ ပေါ်ထွက်လာကြတယ်။ အထူးသဖြင့် ဂီတလောကမှာပေါ့။ အဆိုတော် ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်။

 

နောက်ပြီး အဆိုတော်ဖိုးကာရဲ့ သမီးလေး ဖူးဖူးသစ်၊ ပြီးတော့ တေးရေးဇဝါရဲ့ သမီး ပိုပိုဟေသာစသဖြင့်ပေါ့လေ။ သူတို့ ဂီတလောကထဲရောက်ဖို့ ဖခင်တွေရဲ့ပံ့ပိုးမှုအားက အဓိကကျနေတယ်ဆိုတာ ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။

 


“ဂီတနဲ့ ပတ်သက်ရင် အဖေက ဟေသာ့ကို အများကြီးပံ့ပိုးပေးထားတာပါ။ အဖေ့ကြောင့် ပိုပိုဟေသာဆိုပြီးဖြစ်လာ တာပါ။ အခု ဟေသာထွက်ရှိထားတဲ့ ‘ရှစ်ခွင်တိုင်း’ အယ်လ်ဘမ်မှာဆိုရင်လည်း အဖေက တေးရေး ဆရာတစ်ယောက်ဖြစ်တဲ့အတွက် သီချင်းအရေးအသားပိုင်းပေါ့နော်။ ဟေသာ့အတွက် သီချင်းတွေ လည်း ၄ ပုဒ်လောက်ရေးပေးထားပါတယ်။ အဖေ့ရဲ့ပံ့ပိုးမှုတွေက ဟေသာ့အတွက်အားပါ”လို့ ပိုပိုဟေ သာက သူမအဖေရဲ့ပံ့ပိုးပေးမှုတွေကို ပြောပြပါတယ်။

သရုပ်ဆောင်အကယ်ဒမီ ခင်ဇာခြည်ကျော်က လည်း သားနဲ့သမီးကို အကောင်းဆုံးပံ့ပိုးပေးနေပါတယ်။ ကလေးတွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သူက …

“သားကိုရော၊ သမီးရောကို အနုပညာကို မလုပ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာသမားတွေဆိုတာ ပရိသတ်တွေရဲ့ အချစ်တွေကိုတော့ရတယ်။ ဒါပေမဲ့ ကိုယ်ပေးဆပ်ခဲ့ရတာတွေက အလွန်များတယ်။ တအားပင်ပန်းတယ်။

အဲဒီတော့ ကိုယ့်ရဲ့သားသမီးတွေကျရင် အဲဒီလိုမျိုး ပင်ပန်းမှာကို မကြည့်ရက်လို့ မလုပ်စေချင်တာပါ။ ဒါပေမဲ့ အမေက မင်းသမီးဆိုတော့လည်း သူတို့က အနုပညာပိုးပါတာပေါ့နော်။ အဲဒီအတွက် သူတို့ဝါသနာပါလာရင်၊ ပညာတတ်တွေ ဖြစ်သွားရင် ကိုယ့်အနေနဲ့ ပံ့ပိုးသင့်တာ ပံ့ပိုးရမှာပေါ့”လို့ ပြောပြပါတယ်။ သြစတြေးလျမှာ ကျောင်းတက်နေတဲ့ လင်းဇာနည်ဇော်ရဲ့ သမီးလေးမြူလင်းကိုကိုဆိုရင် ကျောင်းပြီးဖို့ သိပ်မလိုတော့ပါဘူး။

မိခင်ဖြစ်သူမှာ ပံ့ပိုးလိုက်ရတာ၊ သမီးလေးကို ရည်ရည် မွန်မွန်လေးနဲ့ ထူးချွန်တဲ့သူလေးဖြစ်စေချင်တာကိုး။ သို့သော် မလင်းက မျှော်လင့်ချက်ကြီးတော့ မထားပါဘူးလို့ ဆိုပါတယ်။ လိမ္မာရေးခြားရှိလှတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ လင်းဇာနည်ဇော်က …

“သမီးက Business တက် နေတယ်။ သြစတြေးလျမှာပေါ့နော်။ ဘယ်လိုအနေအထားမျိုးနဲ့ စောင့်ရှောက်လဲ၊ ဘယ်လိုမျိုးမြေတောင်မြှောက်ပေးလဲဆိုတော့ အခုခေတ်မှာက ဒါမလုပ်နဲ့၊ ဟိုဟာမလုပ်နဲ့ဆိုပြီးတော့ တင်းတင်းကျပ်ကျပ် အုပ်ချုပ်လို့မရဘူး။ အခုခေတ်ကလေးတွေကျတော့ မလျှော့မတင်း အုပ်ချုပ်မှ။ အစ်မသမီးကို အမေလိုမျိုး အုပ်ချုပ်တယ်။ ပြီးတော့ သူငယ်ချင်းလိုမျိုး၊ ညီအစ်မလိုမျိုး တိုင်ပင်တယ်။ သမီးဖြစ်ချင်တာ၊ အမေဖြစ်နေတာကို ညှိနှိုင်းပြီးတော့ နေတယ်။ အစ်မအနေနဲ့ အတတ်နိုင်ဆုံး ပံ့ပိုးပေးတယ်။ အခုချိန်မှာ အစ်မက အမေတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့် အရာရာတိုင်းဟာ ကိုယ့်အတွက်ဆိုတာ ဘာမှမစဉ်းစားမိဘူး။ ဘာပဲလုပ်လုပ် သမီးအတွက်ပဲပေါ့။ ဒါပေမဲ့လည်း အများကြီးတော့ မျှော်လင့်မထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ မျှော်လင့်တဲ့အတိုင်းဖြစ်မလာရင် အများကြီးခံစားရမှာ။ အဲဒီခံစားရတဲ့ အလုပ်ကို ဘာမှမလုပ်ချင်ဘူး။ ဒါကြောင့်မို့ အစ်မပံ့ပိုးရတဲ့အလုပ်ကို လုပ်တယ်။ ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ ကာယကံရှင်နဲ့ပဲ ဆိုင်ပါတယ်။ ဒါပေမဲ့ အစ်မသမီးလေးက အစ်မထင်သလောက်တော့ အခုချိန်ထိ လိမ္မာပါတယ်ဓလို့ ပြောပြပါတယ်။

“ရေခံမြေခံကောင်းလို့ အနာဂတ်ကောင်းတွေ အိပ်မက်မက်နိုင်ကြတယ်”ရဲ့ နောက်ဆုံးအပိုင်းကိုရောက်ရှိလာပါပြီ။ မိဘက ရေခံမြေခံဘယ် လောက်ကောင်းကောင်း သားသမီးက အသုံးမကျဘူးဆိုရင်တော့ ဘာမှဖြစ်လာစရာအကြောင်း မရှိပါဘူး။ အဓိကက မိမိကိုယ်မိမိ အကောင်းဆုံးဖြစ်ရမယ်ဆိုတာကလည်း အရေးပါလှတဲ့ အခန်းကဏ္ဍမှာရှိပါတယ်။ အခုခေတ်လူငယ်တွေရဲ့ အနေအထားက ပြိုင်ဆိုင်မှုတွေ ပြင်းထန်တယ်။ စိန်ခေါ်မှုတွေများတယ်။ ခေတ်က ပွင့် လင်းလာတဲ့အခါကျတော့ နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေများစွာ ဝင်ရောက်လာတယ်။ အများကြီးပါပဲ။ လူငယ်တွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကလည်း လူငယ်တစ်ယောက်ဖြစ်တဲ့ နာမည်ကျော်အဆိုတော် ဖိုးကာရဲ့ သမီးဖြစ်သူ ဖူးဖူးသစ်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဖူးဖူးသစ်ကတော့ ဂီတဘက်မှာ ‘Logo’ ဆိုတဲ့ တစ်ကိုယ်တော်အခွေထွက်ရှိထားသူဖြစ်ပြီး ပညာ ရေးဘက်မှာလည်း National Management Degree College တက်ရောက်နေတဲ့ ကျောင်းသူလေး ဖြစ်ပါတယ်။

“ဖူးတို့လူငယ်တွေမှာ အဓိကတွေ့ရတာက ဘယ်လမ်းကို ရွေးချယ်ရမလဲပေါ့။ ကိုယ်ဝါသနာပါတာက ဘာလဲ၊ ကိုယ်လုပ်ချင်တာက ဘယ်လမ်းလဲ၊ ကိုယ်လုပ်သင့်တဲ့အရာက ဘယ်လမ်းလဲဆိုတဲ့ ရည်မှန်းချက်မရှိကြသေးဘူးပေါ့။ အဲဒီအခါကျတော့ ဘာလုပ်ရမယ်မှန်းမသိဘူးပေါ့။ အဲဒီလိုမျိုးဖြစ်ပြီး လမ်းလွဲသွားတတ်တယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ် နားလည် အောင် အရင်ဆုံးကြိုးစားသင့်တယ်လို့ထင်ပါတယ်။ အဲဒါမှ ကိုယ်ဘာကို ဝါသနာပါတာလဲ၊ ကိုယ်လျှောက် မယ့်လမ်းက ဘယ်လိုလမ်းလဲဆိုတာကို သိမှာပေါ့။ တချို့လူငယ်တွေဆို မိဘလုပ်တဲ့အလုပ်ကိုပဲ ဝါသနာမပါဘဲနဲ့ လုပ်ရတာ မျိုးတွေရှိတယ်။ မိဘက ဒါလုပ်ကိုလုပ်မယ်လို့ပြောတာတွေလည်းရှိတယ်။ အဲဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ ကိုယ်လုပ် တဲ့အလုပ်ဆိုတာလည်း ဝါသနာကပါဦးမှ၊ ပြီးတော့ ကိုယ့်အတွက်လည်း အဆင်ပြေဆုံးဖြစ်မယ့် လမ်းပေါ့နော်။ အဲဒီလိုမျိုး ရွေးချယ်စေချင်ပါတယ်” လို့ ဖူးဖူးသစ်က ပြောပြခဲ့ပါတယ်။

ဖိုးဝ


LEAVE A REPLY

Please enter your comment!
Please enter your name here