ရည်ရွယ်ချက် ၃ ချက်နဲ့ ဆုပေးတဲ့ သုတစွယ်စုံစာပေဆု

0
205

စွယ်စုံမီဒီယာဂရု(ပ်)ရဲ့ သုတစွယ်စုံစာအုပ်တိုက်က ချီးမြှင့်တဲ့ ၁၃ ကြိမ်မြောက် သုတစွယ်စုံစာပေဆု ချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၉ ရက်နေ့က ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သုတစွယ်စုံ တစ်သက်တာစာပေဆုကို တက္ကသိုလ်တင်ခ၊ ဘာသာပြန်စာပေ ဆုကို ‘ရေထဲမှာ လူ …လူထဲမှာ ရေ’ စာအုပ်နဲ့ ဟိန်းလတ်၊ နိုင်ငံတကာရေးရာ စာပေဆုကို ‘ရှင်သန်ခွင့်’ စာအုပ်နဲ့ စိန်ဝင်းစိန်၊ အတ္ထုပ္ပတ္တိစာပေဆုကို ‘ဂျော့ဆို ရော့စ် သို့မဟုတ် မေတ္တာရှင်သန်းကြွယ်သူဌေးကြီး’ စာအုပ်နဲ့ ကျော်ထက်ထွန်း၊ စာပဒေသာဆုကို ‘ရိုးတံကျဲတွေ မြိုင်ထဲမှာ အငိုတိတ်စေချင်’ စာအုပ်နဲ့ မြင့် သိန်းလှိုင်၊ ရည်ညွှန်းစာပေဆုကို ‘အနက်ဖော်ရခက်သော နေ့စဉ်သုံး မြန်မာ ဝေါဟာရ များအဘိဓာန်’ စာအုပ်နဲ့ သန်းဝင်းလှိုင်၊ သုတသိပ္ပံ စာပေဆုကို ‘အသိဥာဏ်မဲ့ခြင်းဟာ အပြစ်လား’ စာအုပ်နဲ့ ဒေါက်တာခင်မောင်ညို၊ အသုံးချ သိပ္ပံစာပေဆုကို ‘ဆေးပညာပေါင်းချုပ်(၂)’ စာအုပ်နဲ့ ပါမောက္ခသိန်းနှင့် ဒေါက်တာဆုတို့က အသီးသီး ရရှိခဲ့ကြတာဖြစ်ပါတယ်။

ဒီဆုတွေ ချီးမြှင့်ရခြင်းနဲ့ ပတ်သက်ပြီး စွယ်စုံမီဒီယာဂရု(ပ်)ရဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက …

”သုတစွယ်စုံစာပေဆုကို ကျွန်တော်တို့က ရည်ရွယ်ချက် ၃ ရပ်နဲ့ ပေးတာ ဖြစ်ပါတယ်။ ပထမတစ်ချက်ကတော့ စာရေးဆရာဘက်က ကြည့်တာပေါ့နော်။ ဒီဆုပေးခြင်းအားဖြင့် စာရေးဆရာတွေမှာ သုတစာပေစာအုပ်ကောင်းတွေ ပိုမိုရေးချင်စိတ်ပေါ်လာမယ်။ ကျွန်တော်တို့ ချီးမြှောက်တဲ့အတွက်လည်း သူတို့ ဂုဏ်ယူမယ်။ စာရေးဆရာတွေအနေနဲ့ စာကောင်းပေမွန်တွေ ရေးချင်စိတ် ပိုပြီးတော့ ဖြစ်လာမယ်။ ဒုတိယအချက်ကတော့ ပရိသတ်အတွက်ကို ကျွန်တော်က ရည်ရွယ်ပါတယ်။ စာအုပ်ကောင်းတွေ ထွက်လာမယ်ဆိုရင် ပရိသတ်မှာ မှန်ကန်တဲ့ ဗဟုသုတတွေ ပိုပြီးကြွယ်ဝလာမယ်။ တတိယအချက် ကတော့ စာပေလောကတစ်ခုလုံးအတွက်ကို ကျွန်တော်ရည်ရွယ်ပါတယ်။ စာရေးဆရာတွေက များများရေးမယ်၊ ဖတ်တဲ့သူတွေကလည်း များများဖတ်မယ်၊ စာအုပ်ကောင်းတွေက ပြည်သူကြားမှာ ပြန့်သွားမယ်ဆိုရင် သုတစာပေက အဆင့်မြင့်မယ်။ အဆင့်မြင့်လာတယ်ဆိုရင် စာပေဖွံ့ဖြိုးတိုးတက်မှုမှာလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်စေရန်ဆိုတဲ့ ရည်ရွယ်ချက် ၃ ရပ်နဲ့ ဆုချီးမြှင့် တာဖြစ်ပါတယ်”လို့ ပြောပါတယ်။

စာပေဆုတွေ ပေးအပ်တဲ့အခါမှာ ဒီထက်ပိုမိုခိုင်မာပြီး ဘဝအာမခံချက်ရှိ စေမယ့် အစီအစဉ်မျိုး ပြုလုပ်ထားရှိပေးသင့်တယ်လို့လည်း ‘အသိဥာဏ်မဲ့ခြင်း ဟာ အပြစ်လား ‘စာအုပ်နဲ့ သုတသိပ္ပံစာပေဆုရရှိခဲ့တဲ့ စာရေးဆရာ ဒေါက်တာ ခင်မောင်ညိုက ထောက်ပြခဲ့ပါတယ်။

”သုတစွယ်စုံစာပေဆုရတဲ့အတွက် ဝမ်းသာတယ်။ စာပေဆုချီးမြှင့်တဲ့ အတွက် ဒေါက်တာတင်ထွန်းဦးနဲ့ ဒေါက်တာခင်မိုးမိုးကိုလည်း ကျေးဇူးတင် တယ်။ ပြောချင်တာက နိုင်ငံတော်က ချီးမြှင့်တဲ့ အမျိုးသားစာပေဆုက အစ ပေါ့။ ဆုတွေပေးတဲ့အခါမှာ စာရေးဆရာတွေကို ဆုငွေ ၁ဝ သိန်း၊ ၁၅ သိန်း အစား ရန်ပုံငွေတစ်ခုဖွဲ့ထားပြီးတော့ အဲဒီစာရေးဆရာကြီးတွေရဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု တစ်သက်တာထားမယ့် စောင့်ရှောက်မှုပေးတာမျိုး၊ စာရေးဆရာကြီးတွေကို တစ်လ ၃ သိန်းက နေ ၅ သိန်း ထောက်ပံ့တာမျိုးတို့ အဲဒါမျိုးတွေ လုပ်သင့်တယ်။ တခြားနိုင်ငံတွေမှာလည်း အဲဒီလိုပဲ။ အဲဒီလို လုပ်ပေးရင် စာရေးဆရာတွေရဲ့ဘဝ ရှေ့ရေးအာမခံချက် ပိုရှိမယ်။ ထို့အတူ ကျန်တဲ့ လူလတ်စာရေးဆရာတွေကလည်း စာကောင်းပေမွန်တွေ ပိုပြီးတော့ ရေးဖို့ တွန်းအားတွေ ဖြစ်လာမယ်။ ငါတို့ စာရေးဆရာဖြစ်တဲ့အတွက် ဒီလို အာမခံချက်တွေရှိတယ်၊ ဒီ့အတွက် ငါတို့ ပိုပြီးတော့ စာကောင်းပေမွန်တွေ ရေးမယ်ဆိုပြီးတော့ ဖြစ်လာမယ်။ အဲဒီလိုလေး ဖြစ်စေချင်တယ်”လို့ ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။

ဆုရရှိသူတွေကို ဆုချီးမြှင့်အပြီးမှာတော့ စွယ်စုံမီဒီယာဂရု(ပ်)ရဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနဲ့ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာခင်မိုးမိုးတို့က ၂ဝ၁၈ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် ကျပ် ၁၅ သိန်း၊ ၂ဝ၁၈ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးသတင်းစာပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် ကျပ် ၁၁ သိန်း၊ မင်္ဂလာဗျူဟာပရဟိတအဖွဲ့ ၁၄ ကြိမ်မြောက် အသက်ရာကျော် ဘိုးဘွားပူဇော်ပွဲအတွက် ကျပ် ၁ဝ သိန်း၊ ဟင်္သာတမြို့နယ် နိဗ္ဗာန်ကျေးရွာရှိ ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်အတွက် ကျပ် ၁၅ သိန်း၊ ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာရှိ သုတစွယ်စုံစာကြည့်တိုက်အတွက် ကျပ် ၇ သိန်း၊ စုစုပေါင်း ငွေကျပ် ၅၈သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။

အဲဒီနောက် ဆုရရှိသူများကိုယ်စား စာရေးဆရာ ဟိန်းလတ်၊ ဒေါက်တာ ခင်မောင်ညိုနဲ့ တက္ကသိုလ်တင်ခတို့က ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြပါတယ်။

စုမွန် ၊

ဓာတ်ပုံ – အောင်မျိုးဦး


LEAVE A REPLY

Please enter your comment!
Please enter your name here