သရုပ်ဆောင်ကနေ ဒါရိုက်တာဘက် ကူးဖို့မရှိဘူး ငှက်ပျောကြော်

0
748

ဗီဒီယိုလောက မကောင်းတော့တဲ့အချိန်မှာ ရုပ်ရှင်လောကသားတွေ အားလုံးက ရုပ်ရှင်ဘက်ကိုပဲ ဦးလှည့်နေကြရပါပြီ။ ဟာသသရုပ်ဆောင် ငှက်ပျောကြော်အနေနဲ့လည်း လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေပဲ ပါဝင်ရိုက်ကူးဖို့ လက်ခံထားပါတယ်။ ဗီဒီယိုကလည်း ခေတ်ကောင်းတုန်းက ကောင်းခဲ့ပေမယ့် အခုအချိန်မှာ တော့ ရိုက်ကူးမှုတွေ နည်းသွားခဲ့ပါပြီ။ သို့ပေမဲ့လည်း လုံးဝကြီးပျောက်ကွယ် သွားမယ့် အနေအထားမျိုးတော့ မရှိသေးပါဘူး။

”နယ်တွေကျတော့ ဗီဒီယိုပဲ ကြည့်ကြတဲ့ မိသားစုတွေရှိတယ်လေ။ နယ်တွေ၊ တောတွေမှာ ရုပ်ရှင်ရုံမှမရှိတာ။ မြို့ပေါ် လည်း တက်မကြည့်နိုင်ကြဘူးလေ။ တစ်နေကုန် ပင်ပန်းလာသမျှကို ဗီဒီယိုဇာတ်ကား တွေကြည့်ရှုပြီးပဲ အပန်းဖြေကြရတာ။ ဒါကြောင့်နယ်တွေမှာတော့ ဗီဒီယိုတွေက ပျောက်သွားလိမ့်မယ်မထင်ဘူး။ နယ်အစုံ ကျွန်တော်တို့သွား ရောက်ခဲ့ဖူးတယ်။ တစ်ခါတလေ ခရီးသွားရင်းနဲ့ ရွာတွေမှာ ခဏနား လို့ အိမ်တွေမှာရေတွေဘာတွေ တောင်းသောက်ရင် သူတို့က ကျွန်တော် တို့ကိုမြင်ပြီး တအားအံ့သြ ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ကကျွန်တော်တို့ပါတဲ့ ဗီဒီယိုဇာတ်ကားတွေကို ကြည့်ရှု နေကြတာကိုး။ ဒါကြောင့်ဗီဒီယိုတွေက ကျေးလက်မှာတော့ပျောက်ဖို့မလွယ်ဘူး” လို့ ဗီဒီယိုဇာတ်ကားတွေနဲ့ ပတ်သက်ပြီး နယ်ပရိသတ်တွေရဲ့ အားပေးမှုကိုသရုပ်ဆောင် ငှက်ပျောကြော်က ပြောပါတယ်။

ဗီဒီယိုတွေ ပြန်လည်ဦးမော့လာဖို့ အတွက် အားလုံးပြိုင်တူ တွန်းရင်တော့ရွေ့နိုင်မှာပဲဖြစ်ကြောင်းလည်း သူက ထပ်လောင်းပြောပါတယ်။
သူ့အနေနဲ့လက်ရှိအချိန်အထိ ဇာတ်လမ်းတွဲတွေ လက်ခံရိုက်ကူးထားခြင်း မရှိသေးပါဘူး။ ဇာတ် လမ်းတွဲရိုက်ကူးဖို့ လာချိတ်တဲ့ရက်တွေနဲ့ ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ ပေးထားတဲ့ရက်နဲ့က တိုက်နေတဲ့အတွက်ကြောင့် ဇာတ်လမ်း တွဲကိုငြင်းလိုက်ရတာမျိုးတွေရှိပြီး နောက်ပိုင်းမှာအခြေအနေပေးရင်တော့ ရိုက်ကူးသွားမှာပါလို့ ပြောပါတယ်။ သူကတော့ဘယ်လိုနေရာမျိုးရမှ ရိုက်ကူးမယ်ဆိုတာမျိုးမရှိဘဲ သရုပ်ဆောင်ဖြစ်တဲ့အတွက် ဇာတ်ရုပ်ရွေး ချယ်ခွင့်မရှိဘဲ ညှိုနှိုင်းခွင့်ပဲရှိကြောင်းပြောပါတယ်။ သရုပ်ဆောင်သက်တမ်းကြာမြင့်ကြတဲ့ သရုပ်ဆောင်တွေ အနေနဲ့ ဒါရိုက်တာဘက်ကို ကူးပြောင်းလုပ်ကိုင်သွားကြတာများပေမယ့် ငှက်ပျောကြော်ကတော့ ဒါရိုက်တာ ပိုင်းကို ကူးဖို့အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

”သူငယ်ချင်းဒါရိုက်တာတွေရှိပါတယ်။ သူတို့ကိုကြည့်ပြီး ခေါင်းခြောက်တယ်။ ဒါရိုက်တာလုပ်ရတာ တော်ရုံတန်ရုံစိတ်နဲ့တော့ မဖြစ်ဘူး။ တော်တော်သည်းညည်းခံပြီးတော့ ကိုယ်လိုချင်တာကို ပုံဖော်ရတာကိုပဲ သူ့ခမျာကြည်နူးနေတာလေ။ ပင်ပန်းတယ်လို့ကိုမထင်တာ။ အဲဒီစိတ်မွေးဖို့ကမလွယ်ဘူး။ ဒါကြောင့် ဒီတစ် သက်တော့ လုပ်ဖြစ်မယ်မထင်တော့ပါဘူး” လို့ ငှက်ပျောကြော်က ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here