မြန်မာ့ဂီတကို အထောက်အကူပြုဖို့ ရည်ရွယ်တဲ့ အကယ်ဒမီ ဓီရာမိုရ် ရဲ့ သီချင်းအပုဒ်တစ်ထောင်ပါတဲ့ ဂီတရတနာ ပရောဂျက်

0
225

မြန်မာ့ဂီတနဲ့ ပတ်သက်ပြီး သီချင်းအပုဒ်ရေ တစ်ထောင်ပါဝင်တဲ့ ‘ဂီတရတနာ’ဆိုတဲ့ ပရောဂျက်ကို ဂီတပညာရှင် အကယ်ဒမီ ဓီရာမိုရ်က ၅ နှစ်ကျော်ကြာ အချိန်ယူခဲ့ရပြီးတဲ့နောက်မှာ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Myanmar Music Network ကနေ ဇွန်လအတွင်း စတင်ဖြန့်ချိမယ့် ‘ဂီတရတနာ’ သီချင်းအပုဒ်တစ်ထောင် ပရောဂျက်နဲ့ ပတ်သက် ပြီး သူစတင်အိပ်မက်ဖြစ်ခဲ့ပုံအကြောင်းကို ဓီရာမိုရ်က အခုလို ပြောပြပါတယ်။

”ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ အချိန်အခါကို ပြောရမယ်ဆိုရရင် မြန်မာ့ဂီတနဲ့ ပတ်သက်ပြီး တင်ဆက်လို့ရတဲ့ ပလက်ဖောင်းတွေနည်းလာပါပြီ။ နောက်ပြီး ဒါကို ခံစားနိုင်တဲ့ ပရိသတ်ကလည်း နည်းလာပါတယ်။ တင်ဆက်နိုင်တဲ့ ပညာရှင်ကြီးတွေကလည်း တဖြည်းဖြည်းနဲ့ နည်းလာတာကိုတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ ဒါကို ဘယ်လိုအကောင်းဆုံးထိန်းသိမ်းမလဲ၊ ဘယ်လိုအကောင်းဆုံးမိတ်ဆက်မလဲ၊ ဘယ်လိုလုပ်ကြမလဲပေါ့။ ကျွန်တော် အကောင်းဆုံး စဉ်းစားမိတဲ့အချိန်မှာ အိပ်မက်မက်ပါတယ်။ အဲဒီမက်တဲ့ အိပ်မက်ကတော့ ဂီတရတနာဆိုတဲ့ အိပ်မက်ပဲ ဖြစ်ပါတယ်” လို့ ဓီရာမိုရ်က ပြောပါတယ်။

ဂီတကဗျာစတူဒီယိုမှာ လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ‘ဂီတရတနာ’သီချင်းအပုဒ်တစ်ထောင် ပရောဂျက်အတွက် ဓီရာမိုရ်က ဂျပန်နိုင်ငံက သူငယ်ချင်းဖြစ်သူ ဂီတပညာရှင် တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ရပါတယ်။ သူ့ရဲ့ ရည်ရွယ် ချက်ကိုက မြန်မာဂီတသီချင်းပေါင်းများစွာကို တစ်နေရာ တည်းမှာ ကွာလတီကောင်းကောင်းနဲ့ လေ့လာလိုသူတွေအ တွက် လေ့လာဖို့ စုစည်းပေးထားတာလည်း ဖြစ်ပါတယ်။

”ကျွန်တော်ဘယ်လိုစုစည်းလဲ။ ကျွန်တော့်ရဲ့ စုစည်းမှု ကတော့ သီချင်းအပုဒ်တစ်ထောင်ရှိပါတယ်။ အဲဒီအထဲမှာ ဂန္ထဝင်တေးရေးဆရာ အယောက် ၃ဝဝ ကျော်ရှိပါတယ်။ နောက်ပြီးတော့ Musician တွေ၊ အခုလက်ရှိ အသံသွင်းနေတဲ့ ပညာရှင်ကြီးတွေ ၃ဝဝ ကျော်ရှိပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ Advisor တွေရှိပါတယ်။ Research သုတေသန Team ရှိပါတယ်။ ကျွန်တော်တို့ အသံကွာလတီဆိုရင်လည်း အကောင်းဆုံးအသံကွာလတီနဲ့ နိုင်ငံတကာ အသံဖမ်းအင်ဂျင်နီ ယာနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီပရောဂျက်က မြန်မာ့ ဂီတကို အတတ်နိုင်ဆုံး တစ်ထောင့်တစ်နေရာကနေ အထောက် အကူပြုဖို့ ကျွန်တော်ရည်ရွယ်ထားတာဖြစ်ပါတယ်”လို့ ဓီရာမိုရ် က ရှင်းပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here