ထရံ့သေးပန်း ထန်းတောဖြစ်၏

0
337

ကျွန်တော်ကတော့ ‘ဝေး’တယ်။

တစ်ခါက ‘ဆေးစက်ကျရာ’ဆို တဲ့စကားလုံးနဲ့ပတ်သက်ပြီး ပန်းချီ ဆရာကြီးတစ်ဦး ပြောခဲ့ဖူးတာ မှတ် မိနေတယ်။

စကားက ‘ဆေးစက်ကျရာ အရုပ်ဖြစ်တယ်’ ဆိုတဲ့ စကားပါ။ တကယ်တော်တဲ့ ပန်းချီဆရာဆိုရင် ပန်းချီကားပေါ် မလိုအပ်တဲ့ဆေးတစ် စက်ကျသွားရင်တောင် ပန်းချီကား ကပျက်စရာမလိုဘူးတဲ့။ အဲဒီအပို အစက်ကလေးက နောက်ထပ်စိတ်ကူး သစ်တစ်ခု ထပ်ဖြည့်စွက်လို့ရသတဲ့ လေ။ ပြီးတော့ဆေးစက်ကျရာ အရုပ် ဖြစ်ဆိုတဲ့ စကားမှန်ကန်ကြောင်းကို လည်း ရယ်စရာသဘောမို့လားတော့ မသိ၊ ဆရာကြီးက ဒီလိုပြောသေးတာ။

”ငါဆိုရင် …
ထရံသေးနဲ့ ပန်းတောင် .. ထန်းတောဖြစ်တယ်ကွ …”
ကျွန်တော်ကတော့ ‘ဝေး’တယ်။

ဆေးစက်ကျရာ အရုပ်မဖြစ် သလို၊ ထရံသေးပန်းရင်လည်း ထန်း တောဖြစ်မယ် မထင်ပါ။ မှတ်မိတယ်။ ကလေးဘဝက လမ်းဘေးပလက် ဖောင်းပေါ် မီးသွေးနဲ့ တောကစား တာတောင် ‘တောကား’ မဖြစ်ခဲ့သူ။

ကျွန်တော်ကတော့ ‘ဝေး’တယ်။

ဆေးစက်လည်း အရုပ်မဖြစ်။ ထရံကို ကြိုးစားကြည့်လည်း ထန်း တောမဖြစ်။ ဟိုဟာမဖြစ်။ ဒီဟာ မဖြစ်တွေချည်းများပေမယ့် ဆေး ရောင်အကြောင်းကောင်းကောင်း မသိ။ နည်းနည်းသိ ဆိုတဲ့အထဲ ကျွန် တော်လည်း အပါအဝင်ပေါ့။ ဒါပေ မဲ့ …
ကျွန်တော်ကတော့ ‘ဝေး’တယ်။

သိသလောက်လေးနဲ့ ဆရာကြီး လုပ်ရရင် ”ဆေးရောင်စပ်နည်း စာ အုပ်ကြီးမှာ ဤသို့ပါ၏”ပေါ့။ လူတွေ ကလည်း စာအုပ်ကြီးတွေ ကိုးကားမှ ခန့်ညားတယ်ထင်ကြတာ။ အေးလေ ကိုယ့်လိုလူတွေက ခန့်ညားတယ်ထင် ရင်လည်း နည်းမှမနည်းတာ။ ကိုင်း …အားလို့ ကိုးကားလိုက်ဦးမယ်။

အပြာ တစ်ဆ
နှစ်ဆ အဝါ
ရောစပ်ပါက ‘စိမ်းဝါ’ဖြစ်သတဲ့။

အဲဒီမှာ ကျွန်တော်နဲ့ အရောင် တွေ ပြဿနာတက်တော့တာပဲ ဗျို့။ ဒီလိုလေ။ အရောင်ဟာ အရောင် ကြောင့် အရောင်ပျောက်တတ်တယ် ဆိုတာ အခုစပ်တဲ့ အပြာတစ်ဆ၊ အ ဝါနှစ်ဆပဲ ကြည့်။ ပေါင်းလိုက်တော့ ‘စိမ်းဝါ’တဲ့။ ‘အပြာ’ ဘယ်လစ်သွား သလဲ။ ဒီလိုပဲ ဒီနှစ်ရောင်ကို ပြောင်း ပြန်အချိုးနဲ့ ပြန်စပ်ကြည့်

အပြာ နှစ်ဆ
တစ်ဆ အဝါ
ရောစပ်ရာမှာ ‘စိမ်းပြာ’ ဖြစ်ပြန်

တွေ့တယ် မဟုတ်လား။ အဝါ နာမည်ပျောက် ဒုက္ခရောက်ပြီး ‘လစ်’ သွားပြန်ပြီ။ အရောင်လောက။ အရောင်လောကမှာ အားနည်းသူကို အားကြီးသူက စားတတ်ပါကလား။ တိရစ္ဆာန်လောကဆန်ပါဘိ။ ဒီလိုပါ ပဲ။ ဘဝရဲ့ အစိတ်အပိုင်းတွေမှာ ‘ရောစပ်လောက’ဆိုတာတွေ ရှိကြ တယ်။ အဲဒီလောကတွေမှာလည်း အားကြီးသူတွေက အားနည်းသူတွေ ကို စားပစ်တာချည်းပါပဲ။ အားကြီးပြီး အနိုင်ယူနိုင်သူက ‘အလျှော့ပေးစေ့ စပ်’ တယ်ဆိုတာ ရှားပါတယ်။

ကျွန်တော်ကတော့ ‘ဝေး’တယ်။

ဆေးရောင်စပ်လောကမှာတော့ ရှားရှားပါးပါး ‘ဘုံစွန့်လွှတ်မှု’ဆိုတာ ရှိတယ်ဆိုတာလောက်တော့ ကျွန် တော်သိတယ်။ ဆေးရောင်စပ်နည်း စာအုပ်ကြီးရဲ့ စာတစ်မျက်နှာမှာတော့

အနက် အဖြူ
ဆတူ ရောမွှေ
စပ်မိလေမူ …
အဖြူနက် မဖြစ်
အနက်ဖြူ မဖြစ်
‘မီးခိုး’ ဖြစ်သတဲ့။

ကိုင်း … တွေ့တယ် မဟုတ် လား။ အဖြူနဲ့ အနက်တို့က သူတို့ နာမည်ကို ဘုံစွန့်လွှတ်မှုအဖြစ်နဲ့ တစ်ပြိုင်တည်း စွန့်လွှတ်လိုက်ကြ တယ်။ အထင်ကြီးစရာကြီး ကောင်း မနေဘူးလား။

လူ့လောကမှာတော့ အဲဒီလို ဘုံစွန့်လွှတ်မှုဆိုတာ မရှိနိုင်ဘူးလား။ ရှိအောင် မလုပ်နိုင်ကြဘူးလားလို့ တော့ မမေးနဲ့ ပြောပြီးသား …
ကျွန်တော်ကတော့ ‘ဝေး’တယ်။

ကိုငြိမ်း (မန္တလေး)


LEAVE A REPLY

Please enter your comment!
Please enter your name here