အနုပညာလောကထဲကိုတိုးဝင်လာတဲ့ မျိုးဆက်သစ်အနုပညာ ဖန်တီးသူတွေလို့ တင်စား ခေါ်ဝေါ်လိုက်မယ်ဆိုရင် ခီမောင်နှံဆိုပြီး ထင်ရှားလာခဲ့တဲ့ ဇဏ်ခီနဲ့ ခရစ္စတီနားခီတို့ အနုပညာ မောင်နှံပဲဖြစ်ပါတယ်။ ခီမောင်နှံဟာ အောင်မြင်မှုတစ်ခုကို အလွယ်တကူရခဲ့တာ တော့ မဟုတ်ခဲ့ပါဘူး။ အခက်အခဲ၊ အတားအဆီးများစွာကိုဖြတ်ကျော်လာပြီးမှသာပြည်သူတွေရဲ့အားပေးထောက်ခံမှုပေါင်းမြောက်မြားစွာနဲ့အတူ ရုပ်ရှင် အနုပညာရဲ့ ပင်မရေစီးကြောင်းကြီးအတွင်းကို ဆိုက်ဆိုက်မြိုက်မြိုက်နဲ့ စီးဆင်းဝင်ရောက်လာနိုင်ခဲ့ကြတာဖြစ်ပါတယ်။
ပြည်သူတွေဟာ ခီမောင်နှံ တို့ကို ‘ဥပါယ်တံမျဉ်’၊ ‘မုဒြာခေါ်သံ’ ရုပ်ရှင်ဇာတ်ကားတွေနဲ့အတူ သိရှိလာ ကြတာဖြစ်ပြီး အဲဒီဇာတ်ကားတွေဟာလည်း အင်မတန်လက်ရာမြောက်ပြီး ရုပ်ရှင်ရသနဲ့ ပြည့်စုံတဲ့ဇာတ်ကားတွေအဖြစ် ပရိသတ်တွေကကြည့်ရှုခံစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ခီမောင်နှံဖန်တီးခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်း ဇာတ် ကွက်၊ ရိုက်ကူးတင်ပြပုံတွေဟာ ပုံမှန်ရုံတင်နေကျ သာမန်မြန်မာရုပ်ရှင်ဇာတ်လမ်းတွေနဲ့ သိသိသာသာကွဲပြားထူးခြားနေခဲ့ပါတယ်။ ‘ဥပါယ်တံမျဉ်’နဲ့ ‘မုဒြာခေါ်သံ’တို့ဟာ ရုံတင်ပြသခွင့်ရခဲ့တာ သိပ် မကြာသေးပေမယ့် ရိုက်ကူးဖန်တီးထားခဲ့တာကတော့ နှစ် အတော်ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။
ခီမောင်နှံနှစ်ဦးဟာ နောက်ထပ်ဇာတ်ကားတစ်ကားရိုက်ကူးဖို့အတွက် ပြင် ဆင်နေပြီဖြစ်ပေမယ့် အခုဆက်လက်ဖန်တီးမယ့်ရုပ်ရှင်ကို ပရိသတ်တွေ ကြည့်ခွင့်ရဖို့က နှစ်အတော်ကြာဦးမှာဖြစ်ပါတယ်။ အဲဒါကြောင့် ပရိသတ်တွေနဲ့ ခီမောင်နှံတို့ရဲ့ ရုပ်ရှင်တွေနဲ့ အဆက်ပြတ်သွားတဲ့ အခိုက်အတန့် တစ်ခုရှိလာ နိုင်ပေမယ့် ခီမောင်နှံကတော့ အဲဒီလိုမျိုးဇာတ်ကားတစ်ခုကို အချိန်ပေးပြီး ဖန်တီးနေလို့ နှစ်တွေကြာသွားတဲ့အခါ ပရိသတ်နဲ့အဆက်ပြတ်သွားမှာမျိုးဆိုတဲ့ ယူဆသုံးသပ်ချက်မျိုးကို ယုံကြည် လေ့မရှိပါဘူးလို့ ပွင့်ပွင့်လင်းလင်းပြောပြသွားခဲ့တယ်။
”ကျွန်တော်တို့ ရောက်ကတည်းက ခဏခဏကြားရတယ်။ ပရိသတ်က အမြဲတမ်းမြင် နေမှ မြင်နေမှဆိုတဲ့ စကားတစ်ခုပေါ့။ ပရိသတ်က အမြဲတမ်းတွေ့နေရမယ်။ ကြော်ငြာတွေမှာ တွေ့မြင်နေရမယ်။ ဒါမှမဟုတ် ပွဲလမ်းသဘင်အချို့မှာတက်ရောက်ပြီး တွေ့မြင်ခွင့်ရတာမျိုး တွေပေါ့။ နေ့တိုင်းကိုယ်တွေရဲ့သတင်းကိုမြင်နေရမယ်ပေါ့။ အဲဒါကိုတော့ ယုံကြည်လေ့ မရှိဘူး။ ရုပ်ရှင်ဆိုတာဇာတ်လမ်းကစတင်တယ်။ အဲဒီဇာတ်လမ်းကောင်းတယ်ဆိုရင် ပျောက်သွားတာကြာနေတဲ့ မင်းသားပဲဖြစ်ဖြစ် ပရိသတ်က ကြည့်ကိုကြည့်ကြမှာဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ အဲဒါလေးက အနည်းငယ်လွဲနေတယ်ဗျ။ ကမ္ဘာကျော်မင်းသား၊ မင်းသမီးတွေကို တစ်ချက်ကြည့်ကြည့်လိုက်ပါ။ သူတို့ဇာတ်ကားတွေ တစ်နှစ်ဘယ်နှ ကားလောက်များထွက်နေကြလို့လဲ။ တစ်နှစ်တစ်ကားပဲထွက်တာရှိချင်ရှိမယ်။ နှစ်နှစ်နေမှ တစ်ကားထွက်ဖြစ်တာလည်းရှိတယ်။ အဲဒီလိုပဲ ၄ နှစ်နေမှ တစ်ကားထွက်လာတဲ့ မင်းသားတွေလည်းရှိ တယ်။ သို့သော် သူတို့ရုပ်ရှင်ရဲ့ ဇာတ် လမ်းတွေရိုက်ကူးမှုတွေကောင်းမွန်တဲ့အခါကျတော့ တစ်ကမ္ဘာလုံးကဝန်းရံလာကြတာ ပဲလေ။ အဲဒီတော့ ပရိသတ်နဲ့အဆက်အသွယ်ပြတ်မှာတို့ ပရိသတ်မေ့သွားမှာတို့ကိုတော့ သူတို့ဆီမှာတွေးပြီးစိတ်ပူလေ့မရှိဘူး”လို့ ဇဏ်ခီက ဆိုပါတယ်။
အခုလက်ရှိမှာတော့ ဇဏ်ခီကတစ်ကိုယ်တော်အခွေထွက်ဖို့ လည်း ပြင်ဆင်နေပြီဖြစ်ပြီး ဒီအခွေကို သူစီစဉ်နေတာကြာပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင်သီတာရုပ်ရှင်ဇာတ်ကား အတွက်လည်း သူဟာဇာတ်လမ်းရေးသားနေပြီလည်း ဖြစ်ပါတယ်။
ထက်လူ