အက်ရှင်ကို စိတ်ဝင်စားတဲ့ ဟာသသရုပ်ဆောင် မွန်ကြီးရဲ့ တစ်ဦးတည်းသောသမီးသျှင်မင်းသူ

0
96

သျှင်မင်းသူဆိုတဲ့ တက်သစ်စ မင်းသမီးလေးဟာ အခုဆိုရင်တော့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေ အများအပြား ပါဝင်သရုပ်ဆောင် ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သျှင်မင်းသူဆိုတာ တခြားသူတော့မဟုတ်ဘဲ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား နာမည်ကျော် ဟာသသရုပ်ဆောင်မွန်ကြီးရဲ့ တစ်ဦးတည်းသော သမီးလေးပဲဖြစ်ပါတယ်။

သျှင်မင်းသူက ထူးခြားပါတယ်။ သူ့ရဲ့ အဖေလိုမျိုး ဟာသပညာရပ်ကို ဝါသနာပါတာမဟုတ်ဘဲ အက်ရှင်ကို စိတ်ဝင်စားသူ အမျိုးသမီးသရုပ်ဆောင်လေးတစ်ဦးဖြစ်နေလို့ပါ။

”ညီမက အက်ရှင်ကို တအားစိတ်ဝင်စားတယ်။ အဲဒါကြောင့်လည်း အခုအထိုးအကြိတ်တွေကို လေ့လာနေတယ်။ ညီမက ငယ်ငယ်ကတည်းကပဲ အနောက်တိုင်း အက်ရှင်ဇာတ်ကားတွေကို အများကြီးကြည့်ရှုတယ်။ အနောက်တိုင်း ရုပ်ရှင်တွေရဲ့ အက်ရှင်တွေထိုးကြိတ်တာတွေကို တအားသဘောကျတယ်။ ဟာသကို သဘောမကျတာ မဟုတ်ဘူးနော်။ ဖေဖေတို့ရဲ့ ဟာသပညာကို သဘောကျတယ်။ ဒါပေမဲ့ ဟာသပညာဆိုတာက အများကြီးကြိုးစားမှ ရမယ်ထင်တယ်။ ဖေဖေတို့လိုဖြစ်ဖို့ဆိုရင် အများကြီး ကြိုးစားရမှာ သေချာပါတယ်။ ဟာသသရုပ်ဆောင်လုပ်ဖို့ဆိုတာ တအားကို လိုအပ် ချက်တွေအများကြီးပြည့်ဝဖို့လိုပါတယ်။ လူတစ်ယောက်ကို ပျော်အောင်လုပ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး” လို့ သျှင်မင်းသူကဆိုပါတယ်။ သူ့ရဲ့အဖေဖြစ်သူ ဟာသသရုပ်ဆောင်မွန်ကြီးက ကင်မရာရှေ့ရောက်ရင် အင်မတန်ကိုမှ ပျော်ရွှင်စွာနဲ့ ရယ်မော နောက်ပြောင်နေတတ်သူတစ်ဦးဖြစ်ပေမယ့်လည်း မိသားစုနေအိမ်မှာဆိုရင်တော့ ခပ်အေးအေးပဲနေပြီး စကားနည်း သူဖြစ်ပါတယ်။ သူ့ရဲ့အမေဖြစ်သူက တစ်ခါတလေ အရွှန်းဖောက်မှသာ ဟာသတွေနှောပြီး ပြန်အရွှန်းဖောက်တတ်သူမျိုးဖြစ်တယ်လို့ဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ်ထဲရောက်ရှိလာပြီဖြစ်တဲ့ သျှင်မင်းသူဟာ လက်ရှိမှာတော့ MRTV-4 ရုပ် သံအတွက် ဇာတ် လမ်းတွဲတွေပါဝင်ရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုထားပြီးဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီး ၃ ကားနဲ့ ဗီဒီယိုဇာတ်ကား ၂ဝ ကျော်မှာလည်း ပါဝင်ရိုက်ကူးပြီးစီးထားခဲ့ပြီဖြစ်ပါတယ်။ အနုပညာခရီးလမ်းလျှောက်လှမ်းသွားမယ့် သူခံယူထားပုံကို ပြောပြရာမှာတော့ . . .

”ဘယ်သူပဲဖြစ်ဖြစ် အနုပညာခရီးလမ်း ထဲကို ဝင်ရောက်လာပြီဆိုရင်တော့ ထိပ်ဆုံး မှာ ရပ်တည်ပြီး အောင်မြင်ချင်ကြတာပါပဲ။ ညီမလည်း အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ချင်တယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာဖို့ဆိုတာကြိုးစားမှုတွေ အဆပေါင်း များစွာလိုအပ်နေပါသေးတယ်။ အခုမှ ကိုယ် တွေက အနုပညာရှင်အသစ်လေးတွေဖြစ်လာ တဲ့အတွက် ကြိုးစားမှုက သူများတွေထက် အဆ တစ်ရာလောက်ကြိုးစားမှ အောင်မြင်မှာဖြစ်တယ်။ အဲဒီအတွက် ကြိုးစားသွားပါမယ်။ လက်ရှိမှာတော့ သင်ယူနေဆဲဖြစ်တဲ့အတွက် အများကြီးသင်ယူ နေပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာတစ်ခုကို လုပ်ပြီ ဆိုရင် အောင်မြင်အောင်လုပ်ပါလို့ အမေကလည်း တွန်းအားပေးခဲ့တယ်။ အဲဒီအတွက် အဖေနဲ့အမေရဲ့ ပံ့ပိုးပေးမှုတွေနဲ့အတူ ကြိုးစားနေပါတယ်”လို့ ပြော ပြခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here