ပုဂံပြည့်ရှင် အနော်ရထာမင်း တည်ထားခဲ့သည့် ရှင်ပင် ရွှေဆပ်သွား စေတီတော်

0
299

မှတ်တမ်းများအရ ပုဂံပြည့်ရှင် အနော်ရထာမင်း ကျောက်ဆည်နယ်၌ ဇော်ဂျီမြစ်နှင့် ပန်းလောင်မြစ်ကို ဆည်တည်ဆောက်စဉ် တည်ထားကိုးကွယ်ခဲ့ သည်ဟု ဆိုကြလေသည်။ ထို့အပြင် အာသောကမင်းကြီး တည်ထားကိုးကွယ် သာသနာပြုခဲ့သော မုဋ္ဌောစေတီ၊ ရေတွင်း၊ ရေကန်၊ သိမ်၊ ကျောင်း ၈၄ဝဝဝ တွင် ပါဝင်သည့် ဘုရားတစ်ဆူလည်းဖြစ်ကြောင်း သိရသည်။ သက္ကရာဇ် ၃၇၉ ခုနှစ်တွင် ပုဂံထီးနန်းကိုစိုးစံသည့် အနော်ရထာမင်းသည် ရှင်အရဟံမထေရ်မြတ် ၏ သြဝါဒနှင့်အညီ စေတီတော်တည်ထားရန် အဓိဋ္ဌာန် တည်ခဲ့သည်။ ထိုအခါ တတိယသင်္ဂါယနာတင် သီရိဓမ္မာသောက မင်းကြီး၏ ကုသိုလ်တော် မုဋ္ဌော စေတီဟောင်းနေရာကိုတွေ့ရသဖြင့် ယင်းနေရာတွင် ကိုးတောင်ပြည့်ဆပ်သွား စေတီတော်မြတ်ကို တည်ထားပူဇော်ခဲ့သည်။ အနော်ရထာမင်း စေတီမတည် ခင်က အမျက်တော်ရှခဲ့သော ဆန်တော်ရှင်းမယ်ဖော့နှင့် မောင်ကြီးမောင်ပင် တို့အား အမျက်တော်ပြေပျောက်ပြီး ရွာကြီးတစ်ဆယ့်နှစ်ရွာကို အပိုင်စားပေး လေသည်။ ထိုအချိန်မှစ၍ ဆပ်သွားစေတီသည် အမျက်တော်ပြေဘုရားအဖြစ် ထင်ရှားခဲ့သည်။ အရိုးမျက်ခြင်း၊ ဆူးစူးခြင်း၊ အခြားသော ဘေးဒုက္ခမှတို့မှ ကင်းဝေးရန် စေတီတော်တွင် ငါးပါးသီလခံယူ ပြီး ရေမန်းတောင်းခံအသုံးပြု လျှင် ပျောက်ကင်းကြောင်း သိရှိရလေသည်။

သက္ကရာဇ် ၉၄၈ ခုနှစ်တွင် အင်းဝကို မင်းပြုသော မင်းရဲကျော်စွာလက်ထက် သက္ကရာဇ် ၉၅၂ ခုနှစ်တွင် အင်းဝဒေသ၌ ငလျင်ကြီးစွာလှုပ်ခဲ့ပြီး အင်းဝ နေပြည်တော်ရှိ ရွှေစည်းခုံ၊ ဂူတော်သစ်၊ ထီးလှိုင်ရှင် စေတီများ၊ စစ်ကိုင်းဘက်ခြမ်းရှိ ဆွမ်းဦးပုညရှင်၊ ထူပါရုံစေတီများ၊ လယ် တွင်းနယ်ရှိ ရွှေသာလျောင်း၊ ရွှေဆပ်သွားစေတီများ ပြိုကျပျက်စီး ခဲ့သည်။ ကျော်စွာမင်းလည်း ပြိုကျပျက်စီးသည့် ဘုရားပုထိုးစေတီ များအား ပြုပြင်မွမ်းမံခြင်း၊ ငုံ၍အသစ်တည်ခြင်းများ ဆောင် ရွက်တော်မူသည်။ ထို့ပြင် ရှင်ပင်ဆပ်သွားစေတီတော်မြတ်အား မှူးမတ်ပရိသတ်များနှင့်အတူ လာရောက်၍ ဖူးမြော်ပြီး ညပိုင်း တွင် ဆီမီးတိုင်များ ထွန်းညှိပူဇော်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၆၃ ခုနှစ် အမရပူရခေတ်တွင် ဂိုဏ်းထောက် ဆရာတော်ဦးဇိန မထေရ်မြတ်သည် မင်းသုံးပါး၏ မူလအုတ်သားစေတီကိုငုံပြီး ကျောက်သားအတိပြီးသော စေတီအဖြစ် တည်ထားပြန်လေသည်။ ဆရာတော်ကြီး၏ကျောက်သားစေတီကို ယခုအခါ မြောက်ဘက်၊ တောင်ဘက်၊ အနောက်ဘက် လိုဏ်များအတွင်းမှ ဝင်ရောက် လေ့လာကြည်ညိုနိုင်သည်။ ထို့အတူ ဆရာတော်ကြီးကိုယ်တိုင် ရေးထိုးခဲ့သည့် မှတ်တမ်း ကျောက်စာကိုလည်း စေတီတော် တောင်ဘက်တွင် လေ့လာနိုင်ပေသည်။

ထို့အတူ မြန်မာသက္ကရာဇ် ၁၂၉၃ ခုနှစ်တွင် ရသေ့ကြီး ဦးခန္တီမှ စက်ပိုင်၊ သူကြီး၊ ရပ်မိရပ်ဖများနှင့် တိုင်ပင်ပြီး ယခုဖူး တွေ့ရသည့် ကျောက်သားစေတီအား ထပ်မံတည် ထားပြန်သည်။ ထို့ပြင် မန္တလေး မဟာမုနိရုပ်ပွားတော်ကြီးနှင့် ပုံတူ ကြေးအချိန် ၁၃၅ဝ ပိဿာရှိ ရုပ်ပွားတော်မြတ်ကြီးအား ကြေးသပိတ်၊ ကြေးပန်းအိုး၊ ကြေးပလ္လင်များနှင့် အတူ သွန်းလုပ်ပူဇော်ခဲ့သည်။ သက္ကရာဇ် ၁၃၇၁ ခုနှစ် သက္ကရာဇ် ၁၃၇၂ ခုနှစ် ဒုတိယဝါဆို လပြည့်နေ့တွင် ဆရာတော်ဦးပဏ္ဍိတနှင့် ဂေါပကအဖွဲ့သည် ဆရာတော် ၇၂ ပါး အား ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်း ဆက်ကပ် လှူဒါန်းကာ ရှင်ပင်ဆပ်သွား စေတီတော်မြတ်အား ရွှေထီးတော် အသစ်တင်လှူပူဇော်ခဲ့သည်။ ရှင်ပင်ဆပ်သွားစေတီတော်မြတ် အား ကျောက်ဆည်မြို့မှ တံတားဦးလမ်းအတိုင်းလည်း ကောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမှ မိုင်တိုင် ၃၄၄ မိုင် ၂ ဖာ လုံမှ လည်း လာရောက်ပြီး ဝင်ရောက် ဖူးမြော်ကြည်ညိုနိုင်ကြစေ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

နိုင်ထွန်း(TGI)


LEAVE A REPLY

Please enter your comment!
Please enter your name here