အခြေခံပညာ ကျောင်းများတွင် သဘင်ပညာရပ်ကိုသင်ကြားနိုင်အောင် ကြိုးစားသွားမယ့် သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်

0
303

အခုနှစ်မှစတင်ပြီး အခြေခံပညာ သင်ရိုးညွှန်းတမ်းများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဖြစ်တဲ့ မြန်မာ့ဇာတ်သဘင်ပညာရပ်အကြောင်းကို စတင်သင်ကြားနိုင်အောင် ကြိုးစားနေပြီ ဖြစ်ကြောင်း သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်ကပြောပါတယ်။

“ပညာရေးဝန်ကြီးဌာနနဲ့လည်းတွေ့ဆုံပြီး ညှိုနှိုင်းရဦးမှာပါ။ ကျွန်တော်တို့ချည်းပဲ လုပ်လို့မရ ပါဘူး။ သူတို့ခွင့်ပြုဖို့လိုပါတယ်။ ပြီးတော့ ဆရာတွေ လိုအပ်ချက်အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ သဘင်အနုပညာရှင်တွေထဲကနေမှ သင်ရိုးတွေသင်ပေးနိုင်တဲ့ အနုပညာရှင်တွေကိုသဘင် ပညာရှင်ကြီးတွေ ပြန်ပြီးတော့ ပို့ချပေးရဦးမှာပါ။ သဘင်ပညာရှင်ကြီးတွေက ပို့ချပြီးတော့မှ အသီးသီးတာဝန်ထမ်းဆောင်ကြရမှာပါ” လို့ ကျောင်းများမှာ သဘင်အနုပညာကို သင်ကြားပေးဖို့အကြောင်းနဲ့ ပတ်သက်လို့ သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်ကပြောပါတယ်။ အနုပညာဆိုတာ အေးတာကိုသွေးဆူလာအောင်လည်း လုပ်နိုင်သလို ဆိုးသွမ်းနေ တာကို အေးအောင်လုပ်နိုင်တာကလည်း အနုပညာပဲဖြစ်ကြောင်း သူက ဆက်လက်ပြောပြပါတယ်။

“မသိတာကို သိအောင်လုပ်ပေးတာကလည်း အနုပညာပဲ။ ဒီနိုင်ငံမှာ နေပြီး ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုတော့ မဖြစ်မနေသိဖို့လိုပါတယ်။ နိုင်ငံတကာပုံစံမျိုးနဲ့ ဘယ်လောက်ပဲဆိုရှယ်ကျအောင်နေနေ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုတော့ သိဖို့လို တယ်။ ကလေးတွေဒီလိုသိလာပြီဆိုရင် သူတို့နဲ့ ဆက်ဆံတဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေကို ရှင်းပြနိုင်မယ်လေ။ မင်းနိုင်ငံ ယဉ်ကျေးမှုပြောပါဆိုရင် မပြော နိုင်ရင် ရှက်စရာကြီးလေ။ နောက်ပြီး မလုပ်စားသည့်တိုင်အောင် ဒီပညာရပ်တွေကို ထိတွေ့မှုရှိထားတဲ့အတွက် သူသည် သည်ပညာရပ်ကို စော်ကားတဲ့လူတော့ မဖြစ်နိုင် တော့ဘူး။ အနုပညာရှင်တွေကလည်း တတ်ယောင်ကားလုပ်ပြီး မတတ်ဘဲနဲ့ပြည်သူ လူထုကိုသွားပြီးမဖျော်ဖြေရဲတော့ဘူး။ အဲဒီတော့ အားလုံးအတွက် ကောင်းပါတယ်” လို့ ကျောင်းသူကျောင်းသားတွေအနေနဲ့ မြန်မာ့ယဉ်ကျေးမှုအကြောင်း သင်ကြားလေ့လာခြင်း ကနေရရှိနိုင်တဲ့ အကျိုးကျေးဇူးကိုသဘင် ဥက္ကဋ္ဌဦးဖိုးချစ်က ရှင်းပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here