မျှော်စင်ကျွန်းမိုးရာသီဖျော်ဖြေပွဲမှာ ပရိသတ်တွေကို ရယ်မောပျှော်ရွှင်စေဦးမယ့် လူရွှင်တော်ကြီးနေကျော်

0
272

လူရွှင်တော်ကြီးနေကျော်က တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းသဘင်မှာ ကပြဖျော်ဖြေခဲ့တာ လူရွှင်တော်သက် တမ်းကြာခဲ့ပါပြီ။ သူ့ရွှေမန်းသဘင်ရဲ့ ဇာတ်သဘင်စင်မြင့်ပေါ်မှာ သူတတ်ကျွမ်းတဲ့ဟာသပညာရပ်တွေနဲ့ ရွှေမန်း ဇာတ်သဘင်ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ခဲ့ပါတယ်။ တင်မောင်ဆန်းမင်းဝင်းတို့ကပြတဲ့ မိုးရာသီ ဖျော်ဖြေပွဲမှာလည်း သူကနှစ်စဉ်တိုင်းမှာပါဝင်ဖျော်ဖြေတင်ဆက်ပါတယ်။ အခုနှစ် ၄ နှစ်မြောက် မျှော်စင်ကျွန်းမိုးရာသီဖျော်ဖြေပွဲမှာလည်း သူကသူငယ်ချင်းဖြစ်သူ ဒီလုံးနဲ့အတူ ပါဝင်ဖျော်ဖြေ တင်ဆက်နေပါတယ်။ ဒီနှစ်မှာတော့ မိုးရာသီဖျော်ဖြေပွဲမှာသူတို့က လူငယ်လူရွှင်တော်တွေကို မြေတောင်မြှောက်ပေးသွားကြမှာလည်းဖြစ်ပါတယ်။

”လူသစ်တွေများတဲ့အတွက် ကျွန်တော်တို့ကထိန်းသိမ်းပြီးတော့ ကျားကန်သလိုကန်ပေး ရမှာပေါ့။ ပြီးတော့ယဉ်ကျေးသိမ်မွေ့အောင် ပြောဆိုတတ်ဖို့ စကားလေးတွေသင်ပြပေးရမှာပေါ့။ အနေအထိုင်က အစပေါ့လေ။ ကျွန်တော်တို့လူကြီးပိုင်းတွေကတော့ လူငယ်လူရွှင်တော်လေး တွေကို အားလုံးပြပေးသင်ပြပေးရ မှာပေါ့။ ပြက်လုံးတွေနဲ့ပတ်သက်လို့ ကလေးတွေအနေနဲ့ ရိုင်းပြီးထွက်သွားစေမယ့်စကားလုံးမျိုးတွေမပြက်စေ ဖို့အတွက် ထိန်းသိမ်းပေးသွားမှာပါ။ ပြီးတော့ ပြက်လုံးလေးတွေ သူတို့ မပြက်ရဲလို့ရှိရင် ပြက်ရဲအောင်ပြက်ခိုင်းမယ်။ ပြက်လိုက်တဲ့အခါမှာလည်း ကျွန်တော်တို့အနေနဲ့လည်း ပြုပြင်ပြောင်းလဲပေးသွားမှာပါ”လို့ လူငယ် လူရွှင်တော်တွေကို သင်ပြပေးနေမှုတွေနဲ့ပတ်သက်လို့ လူရွှင်တော် ကြီး ဦးနေကျော်ကပြောပြပါတယ်။

သူတို့ လူရွှင်တော်ကြီးတွေ အနေနဲ့လည်း မျှော်စင်ကျွန်း မိုးရာသီဖျော်ဖြေပွဲမှာ တစ်နှစ် ထက်တစ်နှစ် ပြက်လုံးတွေမထပ်ရအောင် ကြိုးစားဖျော်ဖြေ တင်ဆက်ထားကြပြီး ပရိသတ်တွေရယ်မောပျော်ရွှင်စေရ အောင် ပိုပြီးကြိုးစားသွားကြမှာလည်း ဖြစ်ပါတယ်။ တင်မောင် ဆန်းမင်းဝင်းရဲ့ ရွှေမန်းသဘင်မှာတော့ လူရွှင်တော်နေကျော်၊ ဒီလုံး၊ တက်တိုး ဆိုတဲ့ လူရွှင်တော်ကြီးတွေက တကယ့်ကို ဝါရင့်လူရွှင်တော်ကြီးရယ်ပါ။ သူတို့ တွေဟာ ပြက်လုံးပိုင်းနဲ့ပတ်သက်လို့လည်း တစ်ယောက်ရဲ့အထာကို တစ် ယောက်ကသိနေကြတဲ့အတွက် ပြက်လုံးကတော့ သူတို့အတွက်အထူးအထွေ တိုက်နေစရာတောင်မလိုတော့ပါဘူး။ လူရွှင်တော်နေကျော်ရဲ့ လူရွှင်တော် သက်တမ်းကတော့ အနှစ် ၄ဝ ကျော်လာခဲ့ပြီလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ကားဆွဲ၊ မီးထိုး၊ လူကြမ်းတစ်ယောက်ဘဝကနေ လူရွှင်တော်တစ်ယောက် ဖြစ်အောင်ကြိုးစားခဲ့ရတာပဲဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here