အသက်ကြီးလာပြီ

0
114

ဆန်စားလို့ပဲကြီးကြီး
ဂျုံစားလို့ပဲကြီးကြီး
အသိဥာဏ် ကြီးမလာသေးဘူးဆိုရင်
ကန်တော့ခံပုဂ္ဂိုလ်စာရင်းဝင်ရမှာ
ရှက်စရာကြီးပါ…. ။

အသက်ကြီးလာပြီ
ရှက်စရာကိုမရှက်တတ်
မက်စရာမှန်သမျှ တရှိုက်မက်မက်
(နေရာမက်,အာဏာမက်,ရာထူးမက်,ငွေမက်)
အထွေထွေ နေ့အိပ်မက်တွေနဲ့
ပျော်မွေ့နေရမှာ
ရှက်စရာကြီးပါ……။

အသက်ကြီးလာပြီ
အားမာန်တွေမဖြစ်ရတဲ့ကြားထဲ
ဓားလှံတွေကိုင်ပြီး
ညစ်ပတ်တဲ့စိတ်မွေးနေရမှာ
ရှက်စရာကြီးပါ…… ။

အသက်ကြီးလာပြီ
မျိုးဆက်ဟောင်းကြီးဘဝ
အတွေ့အကြုံများလှတဲ့နှလုံးသွင်းနဲ့
ဂုဏ်ယူမဆုံး
တပြုံးပြုံးဖြစ်နေမယ့်အစား
မျိုးဆက်သစ်အတွက်
ရက်စက်တဲ့အမွေပေးဝေခဲ့ရမှာ
ရှက်စရာကြီးပါ…… ။

အသက်ကြီးလာပြီ
ဆံပင်တအားဖြူလာသလို
စိတ်ထားဖြူစင် ဖို့လိုပြီ…..။

အသက်ကြီးလာပြီ
တေးမှတ်ထားတာတွေပယ်ဖျက်
အကြွေးမှတ်စရာမရှိတော့အောင်
ပေးဆပ်တတ်ဖို့လိုပြီ……။

အသက်ကြီးလာပြီ
ကလေးအထာတွေနဲ့
အတွေးကဗျာတွေရေးနေကြတာ
ရပ်တန်းကရပ်ကြဖို့လိုပြီ……။

အသက်ကြီးလာပြီ-
တူညီဝတ်စုံတွေအောက်က
မတူညီတဲ့နှလုံးသားတွေ
အမုန်းမပွား
တသားတည်းဖြစ်ကြဖို့လိုပြီ….။

အသက်ကြီးလာပြီ-
မကြာမီပြာချခံရတော့မယ့်ဘဝ
မာနတွေ ခဝါချဖို့လိုပြီ…..။

အသက်ကြီးလာပြီ
ကိုယ်သေရင် ကိုယ့်ဈာပန
မလှမပဖြစ်တော့မှာကို
ကြိုကြိုတင်တင်
ရှက်တတ်ကြဖို့လိုပြီ…..။

အသက်ကြီးလာပြီ
ရမ္မက်မီးစာတွေ
အဆီခမ်းခြောက်ဖို့လိုပြီ…..။

အသက်ကြီးလာပြီ…..။

အသက်ကြီးလာပြီ………။

အသက်ကြီးလာပြီ…………. ။

မြသန်းစံ


LEAVE A REPLY

Please enter your comment!
Please enter your name here