ကျွန်တော့် ရဲ့ကြာသပတေးကဗျာ

0
224

ကြာသပတေးဟာ
ကျွန်တော့်အနာဂတ်ထဲ
ဝင်စားခဲ့ပြီးနောက်
သူ့ရဲ့အရွေ့ တစ်ခုချင်းစီတိုင်းအတွက်
ကျွန်တော့်ပခုံးပေါ်မှာ
ခလုတ်တွေ တပ်ဆင်ခဲ့တယ်။

မေတ္တာတရားတွေ အပြည့်နဲ့
မှော်ဆရာလို
ကြာသပတေးရဲ့ လိုအပ်မှုတိုင်းကို
ဥုံဖွလုပ်ရင်း ချွေးစက်တွေ ရင်းခဲ့
ကြာသပတေးဟာ
ကျွန်တော့်ရင်ဘတ် ဧည့်ခန်းက
ဆည်းလည်း
ကြာသပတေးဟာ
ကျွန်တော် တစိမ့်စိမ့်ကြည့်နေရတဲ့ မှန်
ကြာသပတေးရဲ့ အသံလေးဟာ
ကျွန်တော်နားထောင်လို့မဝတဲ့
ကမ္ဘာကျော်သီချင်းပဲ
ကြာသပတေးအတွက်
ဘာအန္တရာယ်မှ မဖြစ်အောင်
သတ္တိကို ဓားလို သွေးပြီး
ကာကွယ်ထားတယ်။
ကြာသပတေးအတွက်ဆို
စာဆိုထဲက ဝတ္တရားထက်ကို ပိုခဲ့
ကြာသပတေးရဲ့ အသက်ရှူမှုဟာ
ကျွန်တော့်ရဲ့ ဝင်သက် ထွက်သက်
ဘယ်တော့မှ ဘာနဲ့မှ အစားထိုးမရ
တုနှိုင်းစရာမဲ့ ရတနာ
ကြာသပတေးဟာ
အလှဆုံး စကားလုံးများနဲ့
ရေးလို့ မပြီးနိုင်သော ကဗျာ။

ဂိုးဂိုး(မောရမြိုင်)


LEAVE A REPLY

Please enter your comment!
Please enter your name here