နိုင်ငံကိုယ်စားပြု အလှမယ်များ ရွေးချယ်မယ့် Miss Golden Land Myanmar 2018 ပြိုင်ပွဲ

0
317

နိုင်ငံကိုယ်စားပြုအလှမယ်များ ရွေးချယ်သွားမယ် Miss Golden Land Myanmar 2018 ရဲ့ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁ ရက်နေ့ ညနေ ၃ နာရီက Sule Shangri-La ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ Miss Golden Land Myanmar Organization ရဲ့ President အဖြစ် မဟန်နီချိုကို ခန့်အပ်ခဲ့ပြီး ဒီပြိုင်ပွဲမှာ တိုင်းနဲ့ပြည်နယ် ကိုယ်စားပြုအလှ မယ် ၂ဝ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကာ ပြိုင်ပွဲဝင်များကို စာနယ်ဇင်းများနဲ့ မိတ်ဆက် အပ်နှံခဲ့ပါတယ်။ MissGoldenLandMyanmarရဲ့ CEO ဖြစ်သူ ဦးဟန်ဇော်လတ်က …

”MGLM မှာတော့ လာရောက် ယှဉ်ပြိုင် တဲ့သူတွေများပါတယ်။ အရင်တုန်းကတော့ အသစ်အသစ်တွေကိုပဲ ဦးစားပေးရွေးချယ်ခဲ့တယ်။ ဒီနှစ်တွေမှာတော့ အသစ်တွေရော အဟောင်းတွေရော၊ တူညီတဲ့အခွင့် အရေးပေးသင့်တယ်။ အဟောင်းတွေမှာလည်း သူတို့ ဖြစ်ချင်တယ်။ ဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အချိန်တွေ အများကြီး၊ အတွေ့အကြုံတွေ အများကြီး ရှိပြီးသားဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီနှစ်ကတော့ လူစုံဖြစ်မယ် ထင်တယ်။ MGLM က ဘယ်လောက်စည်းကမ်းတင်းကျပ်လဲဆိုတာ မပြိုင်ခင်ကတည်းက သူတို့လည်း ကြားပြီးသားဖြစ်မှာပါ။ ဒါတွေကို လိုက်နာနိုင်မယ်ထင်လို့ လာပြိုင်တယ်လို့ ယုံကြည်ထားတယ်။ နိုင်ငံ့ကိုယ်စားပြုရွေးချယ်တာဖြစ်တဲ့အတွက် စည်းကမ်းကိုတော့ တင်း တင်းကျပ်ကျပ် ထုတ်ထားပါတယ်” လို့ ဆိုပါတယ်။

Miss Golden Land Myanmar၂ဝ၁၈ ဖိုင်နယ်ပြိုင်ပွဲကို သြဂုတ်လ ၁၄ ရက်နေ့ကျရင် တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပ သွားမှာဖြစ်ပါတယ်။ အလှမယ်လောကမှာ ဒီ့ထက်ပိုပြီး ပြောင်းလဲမှုတွေ လိုအပ်ပြီး နိုင်ငံ ဂုဏ်ဆောင် အလှမယ်တွေအနေနဲ့လည်း နာမည်ကြီးဖို့ တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံ အကျိုးပြုလုပ်ငန်းတွေကိုလည်း လုပ်ဆောင်သင့်ကြောင်းကို ဦးဟန်ဇော်လတ်က –

”အလှမယ်လောကမှာတော့ ပြောင်းလဲမှုတွေ အများကြီးပြုလုပ်ဖို့ လိုအပ်ပါတယ်။ အခုဟာက ဖေ့စ်ဘွတ်ခ်ပေါ်မှာ Page တစ်ခုရှိတာနဲ့ organization ကြီး ဖြစ်သွားတာ မျိုးပေါ့။ ဒါမျိုးကတော့ မဖြစ်သင့်ဘူး။ နိုင်ငံတကာမှာလည်း စံနှုန်းတွေရှိတယ်။ ကျွန်တော်တို့တုန်းကဆိုရင် ပုဂ္ဂလိကအနေနဲ့ ယူလာတဲ့အချိန်မှာ အခက်အခဲတွေ အများကြီးရှိတယ်။ အဓိကက အစိုးရကကို လက်ခံဖို့ အသိပညာတွေအများကြီးပေးခဲ့ရ တယ်။ Public ကနေလည်း ရေကူးဝတ်စုံဝတ်ဆင်တာကို လက်ခံဖို့ အများကြီး ကြိုးစားခဲ့ရတယ်။ အဲဒီအချိန်ကဆိုရင် ရေကူးဝတ်စုံနဲ့ Commercial မရိုက်ကူးပါဘူးလို့ Public ကို ကတိပေးထားတာတွေရှိတယ်။ ဒါမျိုး တွေလည်း အခုရိုက်ကူးနေကြတယ်။ ကျွန်တော်တို့ အဝန်းအဝိုင်းမှာတော့ ဒါမျိုးမရှိအောင် တင်းကျပ်ထားပါတယ်။ တစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ နိုင်ငံ့ကိုယ်စားပြုဆိုတဲ့ စလွယ်ကို လိပ်ပြာသန့်သန့်နဲ့ လွယ်လို့ရအောင် မြန်မာပါဆိုပြီး ကာဗာယူပြီး သွားရောက်ယှဉ် ပြိုင်ခွင့်ပေးတာ။ ဒီမျက်နှာတွေကို ထောက်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဘယ်လောက်လုပ် ကိုင်မလဲ။ ဒါတွေကိုတလွဲအသုံးမချဘဲနဲ့ တကယ်အကျိုးပြုတဲ့နေရာတွေမှာ နိုင်ငံ ကိုယ်စားပြုဆိုတဲ့ နာမည်တွေ ကိုယ်စားပြု သုံးနိုင်ဖို့မျှော်လင့်ပါတယ်” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here