ပညာရေးပိုင်းကို ကြိုးစားရင်းနဲ့မှ ဝါသနာပါတဲ့ အနုပညာကိုလည်း ထူးချွန်အောင်လုပ်ဖို့လိုကြောင်း မြို့ရွှေမန်းသား ဖိုးချစ် အကြံပြု

0
456

Private Teachers Association နဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့ ပူးပေါင်းစေလွှတ်ခဲ့တဲ့ ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့ရှိ အိုကီယမ်လူငယ်စင်တာ ( OKEAN All Russian Children Center )မှာ ဇူလိုင်လ ၁၇ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ထိကျင်းပပြုလုပ်တဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့ လူငယ်ပွဲတော်မှာ အမြင့်ဆုံးဆု ရရှိခဲ့ကြတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူများကို ကျေးဇူးအထူးတင်ပါတယ်လို့ သဘင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။

”ကလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မပြည့်မစုံနဲ့သွားခဲ့ရတဲ့ အနေအထားနဲ့ကိုမှ နိုင်ငံအားလုံးထဲမှာ အမြင့်ဆုံးဆုကို ရအောင်ယူဆောင် ပေးနိုင်တဲ့အတွက် ပြောမပြတတ်အောင် ကြည်နူးမိပါတယ်။ ဘာကိုသိရ လည်းဆိုရင် ကျွန်တော်တို့မြန်မာတွေဟာ ကိုယ်ရည်ကိုယ်သွေးမညံ့ဘူး ဆိုတာ ပေါ်လွင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့အတူ မြန်မာကျောင်း သားတွေဟာ ကျောင်းစာအရရော၊ အနုပညာအရရော၊ အားကစားအရ ရော၊ မညံ့ဘူးဆိုတာကိုပြသပေးခဲ့ကြတာပါ”လို့ သဘင်အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌဦးဖိုးချစ်က ပြောပါတယ်။ လူငယ်တွေအနေနဲ့ ပညာရေးပိုင်းကို ကြိုးစားရင်းနဲ့မှ ဝါသနာပါတဲ့အနုပညာကို ထူးချွန် အောင်လုပ်ရမယ်ဆိုတဲ့ အသိကို တူဖြစ်သူကောင်းစစ်မင်းကိုလည်း ပြောပြထားတယ်လို့သိရ ပါတယ်။

”အားကစားလည်းလုပ်ရမယ်။ ကျန်းမာ ရေးကချုချာနေရင် ပညာရေးကို ကြိုးစားချင် လို့တောင် ကြိုးစားလို့မရဘူး။ အဲဒီတော့ ခန္ဓာကိုယ်ကြံ့ခိုင် ကျန်းမာမှုကလည်း နံပါတ် ၁ အရေးကြီးတယ်။ ဒါမှ ကိုယ် လုပ်ကိုင်ချင်တဲ့ပညာရေးကို ကြိုးစား လို့ရတယ်။ ဝါသနာပါတဲ့ အနုပညာ တွေလုပ်ကိုင်ခွင့်ရမယ်။ အဲဒီတော့ ကျန်းမာရေးအရေးကြီးတယ်။ မိဘ တွေကိုပညာရေးပညာရေးဆိုပြီး စာပဲကျက် စာပဲကျက်ဆိုပြီး လုပ်ခဲ့ တော့ကလေးတွေက ပိန်ပြီးသေး ကွေးလာတယ်။ ကာယအချိန်မှာ အားကစားလုပ်ရမယ်။ အနုပညာ အချိန်မှာ အနုပညာကြိုးစားရမယ်။ တစ်ပြိုင်နက်တည်း ကမ္ဘာကြီးကို အဲဒီ လိုကိုသွားမှရတော့မယ်။ စာတစ်ခုတည်း ကျက်နေလို့တော့မရဘူး။ ကမ္ဘာကို ရင် ပေါင်တန်းပြီးသွားမယ်ဆိုရင်တော့ ကိုယ့် နိုင်ငံရဲ့ယဉ်ကျေးမှုကို သိဖို့လိုတယ်။ သိထား ဖို့လိုတယ်”လို့ လူငယ်တွေနဲ့ပတ်သက်လို့ မြို့ရွှေ မန်းသားဖိုးချစ်က အကြံပြုစကားပြောခဲ့ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်း သူတွေကို မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)အနေနဲ့ ဂုဏ်ပြုပွဲပြုလုပ်ပေးသွားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here