တခြားနိုင်ငံကသူတွေကို သိပ်အထင်မကြီးနဲ့လို့ မြန်မာလူငယ်တွေအတွက် အားပေးစကားပြောလိုက်တဲ့ အောင်လအန်ဆန်း

0
258

အောင်လအန်ဆန်းက သြဂုတ် လ ၁ဝ ရက်နေ့မှာ အမေရိကကို ပြန် သွားပါပြီ။ ချန်ပီယံတစ်ယောက်ဆိုတော့ သူ့ကို စိန်ခေါ်မယ့် Fighter တွေကလည်း အများသား။ ဒါတွေအတွက် ကြိုတင်လေ့ကျင့်မှုတွေ ပြု လုပ်ရဦးမယ်လေ။

”ကျွန်တော် သြဂုတ် ၁ဝ ရက်နေ့ ပြန်ပြီ။ Trainning Camp ပြန်ဝင်ပြီ။ ဒီနှစ်မကုန်ခင် တစ်ပွဲရှိသေးတယ်”လို့ မြန်မာ့စပါးအုံးက ပေါ်ပြူလာနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပြသွားတာဖြစ်ပါတယ်။ အောင်လရဲ့ ရည်မှန်းချက်က …

”ဒီ Middleweight Champion ကို အကြာကြီးရှိအောင်လို့ ကျွန်တော်ကြိုးစားချင်တယ်”လို့ အောင်လက ရိုးရိုးသားသားပြောပြပါတယ်။ ဒီတစ် ခေါက်တော့ ကုလားကားလို မရှည်ချင် မရှည်ပါနဲ့တော့၊ သွေးထွက်သံယိုများများ မဖြစ်ရင်ဘဲ ပရိသတ်က ကျေနပ်နေကြတာပါလို့ဆိုတော့ သူက ရယ်ပါတယ်။

”အကောင်းဆုံးဆိုပြီး ကျွန် တော်စီစဉ်မယ်။ နောက်ဆိုရင် ပိုမြန်မြန်ကစား နိုင်အောင် ကျွန်တော် ကြိုးစားမယ်” လို့ အောင်လက ဆိုပါတယ်။ ဟိုမှာ ဇနီးနဲ့ သားလေးက စောင့်ကြိုနေမှာပေါ့။ သူတို့အကြောင်းကိုလည်း မေးဖြစ်သေးတဲ့ အခါ …

”ကျွန်တော့်အမျိုးသမီးက ကျွန်တော့်ကို မအောင်မြင်ခင်အချိန်ကတည်းက အားပေးတယ်။ နာမည် မရှိခင် အချိန် ကတည်းက ကူညီတယ်။ ကျွန်တော် ငွေရေးကြေးရေးအခက်အခဲဖြစ်နေတဲ့အချိန်မှာလည်း ကူညီပေးတယ်။ အမြဲတမ်း Support ပေးတယ်။ ကျွန်တော် အဲဒါကို ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော့်သားကလည်း ဒီအားကစားကို ဝါသနာ ပါတယ်။ သူက ထိုးကြိတ်တာတွေ၊ ကန်တာတွေ ဝါသနာပါတယ်” လို့ အောင်လက ပြောပါတယ်။ အမေရိကကို မပြန် ခင် ရက်ပိုင်းအတွင်း အောင်လက ဖိုးသော်ရဲ့Team PT Club မှာ သူ့ရဲ့ ပညာတွေ မျှဝေပေးခဲ့ပါသေးတယ်။

”ကိုဖိုးသော်က ကျွန်တော့်ရဲ့ သူငယ်ချင်းပါ။ ကျွန်တော့်ရဲ့ MMA ပညာကို ဝေပေးရတဲ့အတွက် တအားဝမ်းသာ တယ်။ ကျွန်တော်က ပညာယူတယ်ဆိုတာ သူများကို ပြန်ဝေငှဖို့ယူတာပါပဲ။ အဲဒီတော့ ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ကျောင်းသားတွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဝေငှပေးရတဲ့အတွက် ကျွန်တော်ပျော် ပါတယ်”လို့ ဆိုတဲ့ အောင်လကို MMA မှာ မြန်မာနိုင်ငံက မျိုးဆက်သစ်တွေ ထပ်မံပေါ် ပေါက်လာခဲ့ရင် ကောင်းမှာပေါ့နော်၊ ကိုအောင်လရဲ့အမြင်ကကောလို့ ဆိုတော့ …

”ဟုတ်တာပေါ့။ သေချာပေါက်ပဲလေ။ ပိုပြီးတော့ ဝါသနာပါမှ ဒီလို မျိုးကစားဖို့ဖြစ်မှာ ပေါ့နော်။ နောက်ဆိုရင် ကျွန်တော့်ထက်ပို ကျွမ်းကျင်တဲ့ ကလေးတွေလာမယ်။ အဲဒီလို ဖြစ်အောင်ဆိုပြီး ကျွန်တော် ကြိုးစားပေးမယ်။ အားလုံးကို”လို့ သူက ပြောပြပါတယ်။ ကိုအောင်လ အထက်ဘက်တွေ တောက်လျှောက် ခရီးထွက်ခဲ့သေးတယ်နော်လို့ဆိုတော့ …

”ကျွန်တော် တအား ဂုဏ်ယူတယ်။ ကျွန်တော် ဒီ့ထက်ပိုပြီး အောင်မြင်နိုင်အောင်လို့ ပိုပြီးဂုဏ်ယူနိုင်အောင်လို့ ကျွန်တော်ကြိုးစားမယ်။ ကျွန်တော့်ရဲ့ တောင်သူဦးကြီးတွေနဲ့ ပုဂံ၊ မန္တလေး၊ ရှမ်းပြည်အနှံ့ ရောက်ခဲ့ရလို့ ကျွန်တော်ကျေးဇူးတင်တယ်။ တအားပျော်တယ်။ အားလုံးကိုလည်း ကျွန်တော်တအားကျေးဇူးတင်တယ်” လို့ ပြောပါတယ်။ မြန်မာလူငယ်တွေအတွက် ခွန်အားဖြစ်စေမယ့် စကားတစ်ခွန်းလောက် ပြောပေးပါလို့ဆိုတော့ …

”ကိုယ်ဝါသနာပါတဲ့နေရာမှာ ကြိုးစားပါ။ ဘာပဲဖြစ်ဖြစ် ကြိုးစားပြီးတော့ ပညာယူမယ်ဆိုရင် အောင်မြင်မှုရလိမ့် မယ်။ အားပေးချင်တာက တခြားနိုင်ငံက သူတွေကို သိပ်အထင်မကြီးပါနဲ့နော်။ ကိုယ်ကြိုးစားမယ်၊ ကိုယ်အားစိုက် မယ်ဆိုရင် ဘာမဆို အောင်မြင်နိုင်တယ်။ အချိန်ပေးနိုင်တာက အရေးကြီးဆုံးပါပဲ။ အချိန်ပေးပြီးတော့ ကြိုးစား မယ်ဆိုရင် ဘာမဆိုအောင်မြင်နိုင်တယ်” လို့ အောင်လအန်ဆန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here