La La Kyi Application မှာ ပြသမယ့်”သစ္စာချည်တိုင်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပြုလုပ်

0
150

ပလတ်စတစ်ဆာဂျရီပြုလုပ်ပြီး ရုပ်ပြောင်းရုပ်လွဲဖြစ်သွားခဲ့ပုံနဲ့ မိဘနဲ့ သားသမီးကြားမှာဖြစ်တတ်တဲ့ ပဋိပက္ခတွေကိုထည့်သွင်းပုံဖော်ရိုက်ကူးသွား မယ့် သစ္စာချည်တိုင် ဇာတ်လမ်းတွဲကို ဒါရိုက်တာ ဩရသက ရိုက်ကူးပုံဖော် သွားမှာဖြစ်ပါတယ်။

“မိဘကလည်း ငါတကော ကောပြီးတော့မှ ငါမိဘပဲဆိုပြီး ငါဖြစ်စေချင်တဲ့ အတိုင်း ဖြစ်ရမယ်ဆိုပြီး သားသမီးကို ပုံစံသွင်းတာတွေရှိသလို၊ သားသမီး ကလည်း ငါလူငယ်ပဲ ငါမှန်တယ် ငါလုပ်မယ် သူတို့နားမလည်ပါဘူးဆိုပြီး တဇွတ် ထိုးလုပ်တဲ့ကိစ္စတွေ ၊ ဒီလိုသားသမီးနဲ့ မိဘတွေက နားလည်မှုတွေလျော့ နည်းပြီး မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဆိုးကျိုးတွေ ဖြစ်တတ်တယ်ဆိုတာ မက်ဆေ့ခ်ျတစ်ခုအနေနဲ့ ထည့်ထားပါတယ်” လို့ ပြည်သူတွေ သတိပြုမိစေဖို့ အတွက် ရိုက်ကူးတင်ပြသွားမယ့်အကြောင်း ဒါရိုက်တာဩရသ ကပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို La La Kyi Application မှာ တင်ဆက်သွားမှာဖြစ်ပြီး ဇာတ်လမ်း လွင်မင်းအံ့ရေးသားပြီး သရုပ်ဆောင်များအဖြစ် အလင်းရောင်၊ စံရတီမိုးမြင့်၊ နန်းဆုဦး၊ ငြိမ်းချမ်းကျော်၊ သားညီ၊ သိန်းလင်းစိုး၊ မေသဉ္ဇာဦး၊ ခိုင်ဇင်သက်နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ ကန်တော့ပွဲကို ဩဂုတ်လ ၇ ရက်နေ့ မနက် ၇ နာရီက ရွှေတိဂုံ ဘုရားအောင်မြေမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

La La Kyi Application မှာ ပြသသွားမှာဖြစ်တဲ့အတွက် အားသာချက်နဲ့ပတ်သက်ပြီး ဒါရိုက်တာဩရသ က….

“အရင်တုန်းကတော့ ကျွန်တော် ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေရှိပါတယ်။ အဲဒါတွေကို တီဗီချန်နယ် တွေက ပြတယ်။ တစ်ခါတလေကျရင် အားပေးချင် သော်လည်း ဒီအပိုင်းလွှင့်တဲ့အချိန်မှာ မအားတာတို့ အကြောင်းအမျိုးမျိုးကြောင့် တခြား ကိစ္စပေါ်လာတာတို့ ၊ မီးပြတ် တာတို့ လည်းရှိတော့ မကြည့်လိုက်ရတာ မျိုးတွေလည်း ရှိတတ်ကြပါတယ်။ အခုကျတော့ အားလုံးလည်း အင်တာနက်၊ ဖေ့စ်ဘွတ်ဆိုတာလည်း သုံးနေကြတာဆိုတော့ အွန်လိုင်းမီဒီယာ ပလက်ဖောင်း တစ်ခုအနေနဲ့ ထပ်တိုးလာတဲ့အတွက် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။ ကိုယ်ကြည့်ချင်တဲ့အချိန်မှာ ကြည့်လို့ရအောင် Download လုပ်ထားလို့ရတဲ့ အတွက် အားသာချက်တစ်ခုလို့ ထင်ပါတယ်” လို့ပြောပါတယ်။

P-060၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here