တစ်နှစ်လောက် ဇာတ်ကပြမှု နားခဲ့တဲ့သဘင်မင်းသား ဆန်းမင်းအောင်

0
577

တင်မောင်ဆန်းမင်းဝင်းရဲ့ မိုး ရာသီဖျော်ဖြေပွဲကနေ ပရိသတ်တွေရဲ့ အားပေးမှုကိုပိုမိုရရှိလာခဲ့တဲ့ မင်းသားတွေထဲမှာ ဆန်းမင်းအောင်လည်း တစ်ယောက်အပါအဝင်ပါ။ သူဟာဇာတ်သဘင်ကို ငယ်စဉ်က တည်းက ဝါသနာပါခဲ့သူတစ်ယောက် ဖြစ်သလို ပန်တျာကျောင်းဆင်းတစ်ဦးလည်းဖြစ်ပါတယ်။ သူက တင် မောင်ဆန်းမင်းဝင်းတို့ရဲ့ ရွှေမန်း သဘင် ဇာတ်အဖွဲ့မှာ ၈ နှစ်လောက် ပါဝင်ကပြဖြစ်ခဲ့ပြီး မိုးရာသီ ဖျော်ဖြေပွဲမှာလည်း ပါဝင်ကပြဖြစ်နေပါတယ်။

“ကိုဆန်းမင်း သင်ပြပေးတာတွေကတော့ အများကြီးပါပဲ။ ကျွန်တော့်ရဲ့ ပထမဆုံးဆရာပါ။ ပန်တျာကျောင်းကလည်း သင်ပေးပါတယ်။ ဇာတ်သဘင်လောကမှာကကျတော့ သင်ပြတာနဲ့ ဇာတ်သဘင်ပရိသတ်နဲ့ ထိတွေ့မှုက ကွာသေးတာကိုး။ ကျောင်းမှာ ဆရာတွေသင်ပြတာကျတော့ သင်ပေးတယ်။ ပရိသတ်နဲ့ ထိတွေ့မှုတော့ မရှိဘူးပေါ့။ တတ်တော့တတ်သွားတယ်။ ဇာတ်မှာကျတော့ ပရိသတ်တွေနဲ့ အနီးကပ် ဘယ်လိုပြော၊ ဘယ်လိုဆို၊ ဘယ်လိုလုပ်မှ အဆင်ပြေတယ်ဆိုတာကို ဆန်းမင်းဆီကနေ သင်ယူရပါတယ်။ အစ်ကိုကလည်း အစစအရာရာ သင်ပြပေးပါတယ်” လို့ ဆရာဖြစ်သူ တင်မောင်ဆန်းမင်းဝင်းနဲ့ ပတ်သက် လို့ ဆန်းမင်းအောင်ကပြောပြပါတယ်။

ဆန်းမင်းအောင် တင်မောင်ဆန်းမင်းဝင်းတို့ ဇာတ်အဖွဲ့ကနေ ထွက်ပြီးတဲ့ နောက် မှာတော့ ၁ နှစ်လောက် နားခဲ့ပါတယ်။ ဒီလိုနားလိုက်ဖြစ်ရခြင်းအကြောင်းကိုလည်း သူက “နားလို့ ရမလားပေါ့။ ၈ နှစ်လောက် လုပ်ခဲ့တာဆိုတော့ နားလိုက်ရင် ကောင်းမလားလို့ တွေးမိတယ်။ နားလိုက်ပြီးအပြင်ပွဲတွေပဲ လိုက်ကရကောင်းမလားဆိုပြီး ဇာတ်ကထွက်လိုက်တာ ပါ။ ဦးခင်လှိုင်နဲ့ အပြင်ပွဲလေးတွေတော့ လိုက်ပြီးကပြဖြစ်တယ်။ အဲဒါနဲ့ အဖေဦးချမ်းသာက သူ့ဆီကိုခေါ်တာနဲ့ပြန်ပြီး ကပြဖြစ်တယ်” လို့ ဆန်းမင်းအောင်ကပြောပါတယ်။

ဆန်းမင်း အောင်က သူ့အနေနဲ့တော့ ဇာတ်တည်ထောင်ဖို့အစီအစဉ်မရှိဘဲ တပည့်ခံပြီးတော့ ဆရာ တွေပေးတဲ့ပညာကိုပဲ ယူပြီးသူတို့ ဆီမှာပဲလုပ်ချင်တာလို့ ပြောပြပါတယ်။ “ကိုယ်ကိုယ်တိုင် ဦးမဆောင်ချင်ဘူး။ ဦးမဆောင်ချင်ဘူးဆိုတာ ပျင်းလို့တော့မဟုတ်ဘူး။ ခေါင်းဆောင်တွေ ရဲ့ ဘယ်လောက်တောင် ရုန်းကန်ရလဲဆိုတာ ကိုယ်သိတယ်လေ။ ကိုယ် ရိုသေလေးစားရတဲ့ သူတွေ ဘာလုပ်ချင်လဲ၊ သူတို့တွေက ဘာတွေကိုနှစ်သက်လဲ။ အဲဒါတွေကို လုပ်ပေးချင်တယ်။ ကျွန်တော်က အဲဒီလိုမျိုးပါ။ ခေါင်းဆောင်ကြီးဖြစ်ရမယ်မျိုးတော့ မဟုတ်ဘူး။ နောက်လိုက်ကောင်းအရင်ဖြစ်ချင်တာပါ” လို့ ဆန်းမင်းအောင်ကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here