Myanmar Idol Season-၃ Winnerဖြိုးမြတ်အောင် ရဲ့အရည်အချင်းတွေကိုမြန်မာပြည်သိန်းတန်ပြောပြ

0
126

တစ်ခေတ်တစ်ခါက ပြည်သူချစ် အဆိုတော်တစ်ဦးဖြစ်တဲ့ မြန်မာပြည် သိန်းတန်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာလည်း အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ သူပါ။ လက်ရှိ ရုံတင်ပြသလျက်ရှိတဲ့ ‘အဆိုတော်တွေနေတဲ့ရွာ’ ရုပ်ရှင်ဇာတ်ကားမှာလည်း ဇနီးဖြစ်သူ နု နန္ဒာသန်းနဲ့ အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ သူတို့ဇနီးမောင်နှံရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အဆိုပါရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ ပါဝင်သရုပ်ဆောင် မှုနဲ့ပတ်သက်ပြီး မြန်မာပြည်သိန်းတန်က အခုလို ပြောပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ဖို့ လာကမ်းလှမ်းတဲ့ အချိန်က အန်ကယ် Myanmar Idol Season- 2 ရိုက်ကူးနေတဲ့အချိန်ပါ။ ဇာတ်လမ်းလေးကို ဖတ်ကြည့် လိုက် တော့လည်း ကိုယ်လုပ်နေတဲ့ အလုပ်နဲ့ ပတ်သက်ဆက်နွှယ်မှု ရှိနေ ပြန်တယ်။ အန်ကယ်ကလည်း သဘောတွေ့တော့ လက်ခံရိုက်ကူး ဖြစ်တာပါ။ ဒီထဲမှာ သရုပ်ဆောင်ထားတာကတော့ အန်ကယ် တို့ဇနီးမောင်နှံက ကြီးမှကွဲနေတဲ့ငယ်ရည်းစားပေါ့။ ဒီဇာတ်ကားထဲ မှာ ကိုဒိန်းဒေါင်တို့ကတော့ အန်ကယ့်ကိုမျိုးစုံပြောတာပဲ။ ပုတ်သင်ညိုကို မီးဖုတ်ထားတဲ့ ရုပ်တို့ဘာတို့။ ဒါရယ်စရာဆိုတော့လည်း နားထောင်ရင်းနဲ့ ရယ်စရာကောင်းပါတယ်။ဖက်ရှင်ပိုင်းကတော့ ဒီဇာတ်ကားထဲက ဖက်ရှင်တွေ ကို အန်ကယ် ကြိုက်ပါတယ်။ ဒီ့ထက်မကလည်းပိုပြီး ဝတ်ချင်ခဲ့တယ်။ ဒါပေမဲ့လည်း ကျေနပ်ပါတယ်။ ရှေ့မှာ ရိုက်ကူးခဲ့တဲ့ ဖက်ရှင်ရုပ်ရှင်ဇာတ်ကားနဲ့ ဒီ ‘အဆိုတော်တွေနေတဲ့ရွာ’ ရုပ်ရှင်ဇာတ်ကားနဲ့ ကွာခြားမှုကတော့ ဒီ ဇာတ်ကားထဲက ဇာတ်အိမ်လေးတွေကို အန်ကယ် ပိုကြိုက်တယ်။ အစအလယ် အဆုံး ဇာတ်လမ်းဆင်ထားတာလေးတွေလည်း ကောင်းတယ်။ ဖက်ရှင် ဇာတ်ကားမှာထက် ဇာတ်ကွက် တွေများတယ်။ အဓိကကျတဲ့နေရာ တွေ မှာ လည်း ပါရပါတယ်” လို့ မြန်မာပြည်သိန်းတန်က ပြောပါတယ်။

Myanmar Idol သီချင်းဆို ပြိုင်ပွဲနဲ့ ပတ်သက် ပြီးလည်း Winner ဆုရှင် ဖြိုးမြတ်အောင်ဟာ စတင်လာရောက် ယှဉ်ပြိုင်ကတည်းက သူကိုယ်တိုင် အကြိုက်တွေ့ခဲ့တဲ့ ပြိုင်ပွဲဝင် ကောင်း တစ်ဦးဖြစ်ကြောင်း မြန်မာပြည် သိန်းတန်က ပြောပါတယ်။

“Myanmar Idol Season- 3 မှာ မောင်ဖြိုးမြတ်အောင် ဂစ်တာလေးတစ်လုံးနဲ့ လာရောက်ယှဉ်ပြိုင်ကတည်းက အန်ကယ့် ခေါင်းထဲမှာ သိမ်းထား လိုက်တယ်။ Season-3 မှာ ဒီ ကလေးကို တွေ့ခဲ့ပြီ။ သူ့ရဲ့အသံကအသံအသေး၊ အလတ်၊ အကြီး အပြည့်အစုံ ပါတယ်။ သီချင်းဆိုတဲ့ အခါမှာ လည်း သီချင်း အပေါ်မှာ စီးမျောပြီး တော့ စကြဝဠာတစ်ခု လုံး ကို မေ့ထားတယ်။ ဒါကတော့ အဆိုတော် တွေအတွက် အရေးကြီး တဲ့ အချက်တွေ ထဲမှာမပါ မဖြစ်တဲ့အချက်ပါ”လို့ ပြောပြခဲ့ပါ တယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here