ပရိသတ်တစ်ဦးကို လက်မှတ် ၂ စောင်ပဲ ရောင်းချမယ့်စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဂီတဖျော်ဖြေပွဲ

0
178

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဂီတသက် တမ်းတစ်လျှောက် အမှတ်တရ ရှိနေခဲ့တဲ့ သီချင်းတွေကိုစုစည်းပြီး ‘ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း’ လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေပွဲ လုပ်ချင်ခဲ့တာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ငယ်ဘဝအိပ်မက်တစ်ခုပါ။ အခုအခါမှာ တော့ သူ့ရဲ့အိပ်မက်ကို အကောင် အထည်ဖော်ပြီး သီချင်းတွေအားလုံးကို သံစုံတီးဝိုင်းနဲ့ တီးမှုတ်ကာ သီဆိုဖျော်ဖြေမှာဖြစ်ပါတယ်။

”သံစုံတီးဝိုင်းနဲ့ မပြောနဲ့ တစ်ပွဲလုံးကိုBand နဲ့ပဲ အီဲစအဆုံးတီးတာ တစ်ခါမှ မလုပ်ဖူးပါဘူး။ အလွန်ဆုံး ကျွန်တော် ၁ဝ ပုဒ်လောက် လုပ်ဖူး တယ်။ ပြီးရင DJ နဲ့ ဆက်ပြီးတော့ ဆိုတာပဲ။ ဒီပွဲကတော့ တစ်ပွဲလုံးကို သံစုံတီးဝိုင်းနဲ့ ရှိသမျှအသံအားလုံးကို ကျွန်တော်တို့ တီးမှုတ်သွားမှာဖြစ်ပါ တယ်။ အတွေ့အကြုံအသစ်တစ်ခု ဖြစ်တဲ့အတွက် အခုကတည်းက ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်။ အကြမ်းဖျင်းကတော့ သီချင်းရွေးလို့ မပြီးသေးပါဘူး။ ကျွန်တော်ထိုင်ခုံနဲ့ ရှိုးတစ်ခါမှ မလုပ်ဖူးဘူး။ အမြဲတမ်းလိုလိုက စင်ပေါ်မှာရော စင်အောက်မှာရော ခုန်တယ်။ ပေါက်တယ်။ ဘောလုံးပွဲတစ်ပွဲပြီးသွားသလိုပဲ အဆိုတော်ရော၊ ပရိသတ်ရော ချွေးတွေ ရွှဲပြီး ပြန်သွားကြတာချည်းပဲ။ ဒီပွဲက ကျွန်တော့်ဘဝရဲ့ ပထမဆုံးထိုင်ကြည့်ရမယ့် ပွဲဖြစ်ပါတယ်။ ပထမဆုံး ဒေါက်ဖိနပ်နဲ့ တက်ရောက်လာနိုင်မယ့်ပွဲလည်း ဖြစ်ပါတယ်။ ထိုင်ကြည့်တဲ့ ပရိသတ်တွေနဲ့ လိုက်ဖက်တဲ့ သီချင်းမျိုးကို ရွေးချယ်ဖို့ စိတ်ကူးထားပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

‘ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း’ ဆိုတာက စိုင်းစိုင်းခမ်းလှိုင် သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ရဲ့နာမည်ပါ။ ဒီပွဲမှာ သီချင်းအပုဒ် ၃ဝ ခန့် ဖျော်ဖြေမှာဖြစ်ပြီး ဂီတလမ်းကြောင်းမှာ ဖြတ်သန်းခဲ့တဲ့ သီချင်းပေါင်းများစွာထဲက ပရိသတ်နဲ့ ရင်ခုန်သံချင်းထပ်တူကျခဲ့တဲ့ သီချင်းတွေကို ဖျော်ဖြေသွားမှာဖြစ်ကြောင်းကို စိုင်းစိုင်းခမ်းလှိုင်က …

”ဒီသီချင်းက ကျွန်တော့်ရဲ့ဘဝ ငယ်ငယ်ကတည်းကနေ ဂီတသမားဘဝ၊ အနုပညာသမားဘဝအကြောင်းကို ရေးစပ်ပြီး သီဆိုထားတဲ့သီချင်းဖြစ်ပါ တယ်။ အခုပွဲကိုလည်း ကျွန်တော် ဖြတ်သန်းခဲ့တဲ့ ဂီတသမိုင်းတစ်လျှောက်မှာ ရှိခဲ့တဲ့ သီချင်းတွေ အားလုံးကို ပြန်လည်သီဆိုမယ်။ ကျွန်တော်သီချင်းအသစ် လုံးဝမဆိုဖြစ်ဖို့ များပါတယ်။ သီချင်းအဟောင်းတွေ ဆိုမယ်။ ဒါက ပြီးခဲ့တဲ့ ဇာတ်လမ်းပေါ့လေ။ ဒီသီချင်းတွေကလည်း ကျွန်တော့်ဘဝရဲ့ ဖြတ်သန်းမှုဖြစ်စဉ် တွေ အမှတ်တရတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လက်မှတ်များကို စက်တင်ဘာ ၁၆ ရက်နေ့ Junction City မှာ စတင်ရောင်းချခဲ့ပြီး ထိုင်ခုံအရေအတွက် ၁၄၆ဝ ပဲ ရှိတာကြောင့် ပရိသတ် တစ်ဦးကို လက်မှတ် ၂ စောင်ပဲ ရောင်းချတာ ဖြစ်ပါတယ်။ လက်မှတ် များကို ၁ဝဝဝဝ ကျပ်၊ ၂ဝဝဝဝ ကျပ်၊ ၃ဝဝဝဝကျပ်၊ ၅ဝဝဝဝ ကျပ်နဲ့ VIP ဆိုပြီး ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here