ရင်သွေးလေး အမြန်ဆုံး လိုချင်နေပြီဆိုတဲ့ အကယ်ဒမီမင်းဦး

0
221

အကယ်ဒမီမင်းဦးဟာ သူ့ရဲ့ ပထမဦးဆုံးဒါရိုက်တာအဖြစ် ပွဲထွက်လာခဲ့ တဲ့ ‘ချူဆီ’ ရုပ်ရှင်ဇာတ်ကား အတွက်နဲ့ ပရိုမိုးရှင်းပွဲတွေသွား၊ ဇာတ်လမ်း တွဲတွေအတွက် အချိန်ပေး၊ ရုပ်ရှင်ကိစ္စတွေအတွက် အချိန်ပေးစတဲ့ အနုပညာ အလုပ်တွေနဲ့ လတ်တလောမှာ အချိန်ကို အတော်လုနေရပါတယ်။ ဇနီးဖြစ်သူ ခိုင်ဝေသူအတွက် တစ်ခါတလေ အချိန်မပေးမိတာမျိုးလည်း ရှိသွားတတ်တယ် လို့ အကယ်ဒမီမင်းဦးက ဆိုပါတယ်။ ဒါပေမဲ့ ဇနီးဖြစ်သူက နားလည်မှု အပြည့် အဝရှိသူဖြစ်တယ်လို့ ပြောပြတယ်။

”တစ်ခါတလေမှာတော့လေ အဲဒီလိုမျိုး အလုပ်ရှုပ်သွားပြီး အချိန်မပေး လိုက်နိုင်တာမျိုးရှိတယ်။ သူကတော့ နားလည်မှုအပြည့်ရှိတယ် ဆိုပေမယ့် လည်း အစ်ကိုကတော့ သူ့ဘက်ကို အမြဲပြန်ကြည့်တယ်။ အစ်ကိုအလုပ်သွားတဲ့ အခါလည်း သူက အမြဲပါနေကျဖြစ်တဲ့အတွက် အစ်ကို့ အလုပ်တွေအပေါ် သူနားလည်တယ်။ သူကလည်း အစ်ကိုဘယ်လိုခေါင်းတွေ ရှုပ်နေလဲ၊ ဘာဖြစ် နေလဲဆိုတာ သိတယ်လေ။ အစ်ကိုကလည်း သူ့ကို ပြန်နားလည်ပေးရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိသားစုလေ။ အစ်ကိုတို့မှာက သားသမီးတွေ မရှိသေးတော့ နှစ် ယောက်တည်း မိသားစုပေါ့။ သားသမီးတွေ မရှိသေးတဲ့အတွက် အချိန် မပေးဖြစ်တဲ့အခါကိစ္စ သိပ်မရှိသေးဘူးပေါ့။ အစ်ကိုတို့ကြားမှာ ပြဿနာတွေ သိပ်မရှိဘူး”လို့ အကယ်ဒမီ မင်းဦးက ပြောပါတယ်။

သာယာပြည့်စုံတဲ့ မိသားစုဘဝကို တည် ဆောက်ဖို့ ရည်ရွယ်ထား တဲ့ မင်းဦးက ရင်သွေးလေး အမြန်ဆုံးရချင်နေတယ်လို့ လည်း ဖွင့်ဟခဲ့ပါတယ်။

”ကလေးမရတာကတော့မရသေးလို့ပေါ့နော် (ရယ်လျက်)။ ကလေးမရဖို့ တားထားတာမျိုးတော့ လုံးဝမရှိပါဘူး။ အစ်ကိုကတော့ ရချိန် မတန်သေးလို့ပဲထင်ပါတယ်။ အစ်ကို့ရဲ့ အသက်အရွယ်အရ နည်းနည်း နောက် ကျနေပေမယ့်လည်း သူ့အသက်အရွယ်အရ ရှိသေးတယ်လေ။ အစ်ကိုကတော့ ဖြစ်နိုင်ရင် ရင်သွေးလေးကို အမြန်ဆုံး လိုချင်နေပါတယ်။ ဒါပေမဲ့ တစ်ခါ တလေကျရင် ရင်သွေးဆိုတာ ကိုယ်က လိုချင်နေပေမယ့် ရချင်မှ ရနိုင်တဲ့ သဘောလည်း ရှိနေတယ်လေ။ ဖြစ်နိုင်ရင်တော့ အစ်ကို ကလေးလိုချင်တယ်။ ဖီလင်တစ်မျိုး ဖြစ်သွားမယ်ဆိုတာ အစ်ကိုသိနေတယ်။ ကလေးဆိုတဲ့ ဖီလင်ကို အစ်ကို ခံစားချင်တယ်။ ဒါပေမဲ့ ဒီကိစ္စက လုပ်ယူလို့လည်း မရဘူးလေ” လို့ အကယ်ဒမီမင်းဦးက ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here