ဒီရက်ပိုင်း

0
177

ဒီရက်ပိုင်း အဆင်ပြေလားလို့
မေးနေသူတွေပဲတွေ့တယ်..
ကိုယ်လည်း ဒီလိုပါပဲလို့ဖြေရတယ်
တခြားသူတွေလည်း ဒီလိုနေမှာပဲ။
ဒီရက်ပိုင်း အတွင်းထဲလှိုက်အူနေတဲ့
အိမ်တွင်းရေးက ပိုပိုဆိုးလာတယ်
အိမ်ရှေ့ ပူ အိမ်နောက်မချမ်းသာတော့
အိမ်ထဲကထွက်မရတဲ့ငါတို့
ဘယ်လိုစိတ်ချမ်းသာမလဲ
စီးပွားရေးကခွေးကျိုးနဲ့
ယုန်လိုက်နေရသလိုပဲ။
ဒီရက်ပိုင်း
အခွံတွေဆီကအခွန်ထပ်ယူမတဲ့
အခွံတွေကတော့ထူးပြီးပူပန်မနေဘူး
အခွံပဲရှိတာ အခွန်ပေးရမှာပေါ့
ဒီရက်ပိုင်း စင်ပေါ်တက်ပြီး
တောင်ပြောမြောက်ပြောတွေက
အရှက်မရှိကြ
နှစ်ကောင်ရိုက်ကင်းဝင်ဖို့
ချောင်းနေတယ်။
ဒီရက်ပိုင်း
နိုင်ငံရေးသူငယ်နာမစင်သူတွေ
များလာတယ်
မြှောက်ပေးရင်ဟိုဒင်းတက်အောင်
ကမယ့်သူတွေကတန်းစီလို့
အချုပ်အခြာအာဏာကို
တစ်ဝက်ဖြဲပေးထားတာ
မသိကြဘူး ခက်တယ်။
ဒီရက်ပိုင်း
ကျန်းမာရေး ထွေလီကာလီနိုင်လွန်းတယ်။
ဒီရက်ပိုင်း
အအေးပိုဦးမတဲ့ဟိုမြောက်ဖျားက
ကလေးတွေ ဘယ်လိုနေမလဲတွေးပူမိ။
ဒီရက်ပိုင်း
အရပ်ဆယ်မျက်နှာ မေတ္တာပို့အိပ်နေရ
ကဏန်းလိုကောင်တွေ
သောက်ရေအိုးထဲကျ နေတာပဲကောင်းမှာပဲ
တို့မီးရှို့မီးကောင်တွေလည်း
ကိုယ့်ပစ္စည်းကိုယ်ပြန်လောင်သွား
အေးတာပဲ။
ဒီရက်ပိုင်း
အဆင်ပြေသလားမမေးပါနဲ့
နေ့တိုင်းနေ့တိုင်း
အသက်တမျှပဲဆိုရမလို
ဆပ်ပြာပူဖောင်းထဲအသက်ထည့်
လမ်းပေါ်ထွက်နေရတာပါပဲ။

ညိုရင့်နွယ်(ရေဦး)


LEAVE A REPLY

Please enter your comment!
Please enter your name here