ဦးမန်းဝင်းရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ဟေမာမန်းဝင်း

0
250

 

လူရွှင်တော်ကြီးဦးမန်းဝင်းရဲ့ သမီး ဟေမာမန်းဝင်းက အနုပညာလောကမှာ ဟာသ သရုပ်ဆောင်အဖြစ် ပရိသတ်တွေ အားပေးမှုရရှိထားတဲ့သူ တစ်ယောက်ပါ။ သူဟာ ဖခင် ဖြစ်သူရဲ့ အနုပညာအမွေကို ဆက်လက်ဆက်ခံသူလည်းဖြစ်ပြီး လူရွှင်တော်တစ်ယောက်ရဲ့ သမီးဖြစ်ရတာကို ပျော်မိတယ်လို့ သူကပြောပါတယ်။
”အဖေဦးမန်းဝင်းရဲ့ သမီးဖြစ်ရတာကိုပျော်တယ်။ ဂုဏ်လည်းယူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဖေကလူတွေကို အမြဲတမ်းပျော်အောင်လုပ်ပေးတယ်။ ရယ်သောသူ အသက်ရှည်၏ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ပေါ့လေ။ အဖေကလူတွေကို ဘယ်တော့ ဖြစ်ဖြစ် ရယ်အောင်ပဲလုပ်တတ်တယ်။ ငိုအောင်ဘယ်တော့မှ မလုပ်ဘူး။ အဲဒါ ကြောင့် သူ့ရဲ့သမီးဖြစ်ရတာကို ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတာပါ” လို့ ဟေမာ မန်းဝင်းက ဖခင်ဖြစ်သူနဲ့ပတ်သက်လို့ သူဂုဏ်ယူရတဲ့အကြောင်းကို ပြောပြပါတယ်။ ဖခင်ဖြစ်သူ ဦးမန်းဝင်းက လူတွေကို ပျော်အောင်လုပ် ပေးသလို သမီးဖြစ်သူ ဟေမာမန်းဝင်းကလည်း လူတွေကိုပျော်အောင် လုပ်ပေးတဲ့သူတစ်ယောက်ပါပဲ။ သူကဟာသပညာရပ်နဲ့ လူတွေရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပေးနေပြီး လူတွေကို ပျော်အောင်ပဲ လုပ်ပေးချင်တယ်လို့ ပြောပါတယ်။

”ဝမ်းနည်းစရာကောင်းတာက အဖေက အနုပညာအလုပ်တွေကို ပြန်ပြီးတော့ မလုပ်နိုင် တော့ဘူး။ အဖေ အနုပညာအလုပ်မလုပ် နိုင်တာ၇နှစ်ကျော်လောက်တော့ ရှိသွားပြီ။ ဒါပေမဲ့ အခုအချိန်အထိကို ပရိသတ်တွေက အဖေ့ကို ချစ်နေကြတုန်းပဲ။ အဖေ့ကိုအားပေးသလို ညီမကိုလည်းချစ်ပေးကြပါလို့ ပြောချင်ပါတယ်” လို့ ဟေမာမန်းဝင်းက ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ဟေမာမန်းဝင်းက ဟာသပြဇာတ်တွေမှာလည်း ပါဝင် တင်ဆက်နေသလို ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင်အဖြစ် ရိုက်ကူး ထားတာတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် သူဟာ ပရဟိတနဲ့ ပတ်သက်ပြီးလည်း အမြဲ တမ်း လုပ်ဆောင်လေ့ရှိသလို လူရွှင်တော်သက်ကြီး ရန်ပုံငွေအတွက် ပြုလုပ်တဲ့ လူရွှင်တော် ဘောလုံးပွဲမှာလည်း ဘေဘီစတားFC အသင်းမှာ ပါဝင်ပြီး ကစားပေးခဲ့ပါတယ်။ သူ့အနေနဲ့ နောက်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေပျောက်စေဖို့ သူတတ်ကျွမ်းတဲ့ ဟာသပညာရပ်နဲ့ ကြိုးစားတင်ဆက်သွားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here