ကိုယ့်ပတ်ဝန်းကျင်က လူတွေပျော်မှ ကျွန်တော်လည်း ပျော်တယ်ပြေတီဦး

0
502

ပြေတီဦးကရုပ်ရှင်ဇာတ်ကား တွေမှာပါဝင်ရိုက်ကူးမှုပြီးတိုင်း သူ့ရဲ့စက်အဖွဲ့သားတွေ၊ ဇာတ်ပို့ဇာတ်ရံတွေ အားလုံးကို မုန့်ဖိုးပေး လေ့ရှိသူပါ။ အခုလည်း အောင်ပန်းမြို့မှာသွားရောက်ရိုက်ကူးနေတဲ့ တရားလား ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုပြီးသွားတဲ့အခါမှာ ရှုတင်အဖွဲ့သားတွေကို မုန့်ဖိုးတွေပေးခဲ့တာကြောင့်အဖွဲ့သားတွေအားလုံး ပျော်ရွှင်သွားခဲ့ကြပါတယ်။ သူ့မှာရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေကိုလည်းတခြားသူတွေကို အမြဲတမ်းပေးလေ့ရှိတဲ့ ပြေတီဦးက ပေးရတဲ့လူဖြစ်ရတဲ့အတွက် ပျော်ရွှင်ကျေနပ်နေသူပါ။

”ကျွန်တော်ကတော့ ဘယ်သူ့ကိုဘာပေးရမလဲပဲ စဉ်းစားတယ်။ ကျွန်တော်ဘယ်သူ့ဆီက ဘာရမလဲ မစဉ်းစား ဘူး။ ပေးရတဲ့လူဖြစ်ရတာတအားပျော်ဖို့ကောင်းတယ်။ ကျွန်တော်ဆိုအကုန်လုံးပေးတာပဲ။ ခါးပတ်တွေလည်း ပေးတယ်။ မျက်မှန်တွေလည်းပေးတယ်။ ကျွန်တော်ဝယ်ထားတဲ့ Brand ကောင်းကောင်းလေး တွေလည်းခဏနေ ကျွန်တော့်မှာမရှိတော့ဘူး။ တောင်းတဲ့လူတိုင်းပေးတယ်။ သူတို့ပျော်သွားလို့ရှိရင် ကျွန်တော် ပျော်တယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာ ရှိတဲ့လူတိုင်းကို ပေးနေမှာပဲ” လို့ ပြေတီဦးက ပြောပါတယ်။

အမြဲပျော်ပျော်နေတတ်တဲ့ ပြေတီဦးက သူ့ရဲ့မိသားစု၊ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကိုလည်းပျော်ရွှင် အောင်အမြဲထားသူပါ။ ပတ်ဝန်းကျင်က လူတွေပျော်မှ သူလည်းပျော်တယ်လို့ ဆိုတဲ့ ပြေတီဦးက….

”ကျွန်တော့် မိန်းမအတွက်လည်း ကျွန်တော်ပေးဆပ်နေတာပဲ။ ကျွန်တော့်သားသမီးတွေအတွက် လည်း ပေးဆပ်တာပဲ။ ကျွန်တော့်မိဘတွေအတွက်လည်း ကျွန်တော်စိတ်ချမ်းသာအောင်ထားတယ်။ ပျော် အောင်ထားတယ်။ လိုလေသေးမရှိအောင်ထားတယ်။ ကျွန်တော့်ပတ် ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးက ပြုံးပြီးတော့ ပျော်နေ ကြမှကျွန်တော်လည်းပျော်တယ်။ ကျွန်တော်သူတို့ကို ပျော်အောင်မထားနိုင်ရင် ကျွန်တော့် ဘာသာ ကျွန်တော်ဘယ်လောက်ကြီးပဲအဆင်ပြေပြေ၊ ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေစိတ်ညစ်နေရင် မနေတတ် ဘူး” လို့ ပြောပါတယ်။ အားကစားဘက်မှာလည်း ထူးချွန်တဲ့ ပြေတီဦးက အရင်က တင်းနစ်အား ကစားကိုပဲ ကစားပေမယ့် အခုနောက်ပိုင်းမှာ တင်းနစ်ကို ခဏရပ်နားထားပြီး ဂေါ့ဖ်ကစားနည်းကို ပြောင်းပြီး ကစားဖြစ်နေပါတယ်။ မိတ်ဆွေ၊ သူငယ်ချင်းတွေကလည်း ဂေါ့ဖ်ရိုက်တတ်ကြတဲ့အတွက် သူလည်း ရိုက်တတ်ချင်တာကြောင့် ဒီကစားနည်းဘက်ကို ပြောင်းပြီးကစားဖြစ်နေတာပါ။ အခုမှဂေါ့ဖ်ရိုက်တာ ၇လလောက်ပဲရှိနေသေးပြီး နောက်ပိုင်းမှာတော့ ဂေါ့ဖ်ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ဖြစ်ဦးမယ်လို့ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here