‘လင်္ကာဒီပချစ်သူ’ပြဇာတ်မှာ လက္ခဏာအဖြစ် ကပြဖျော်ဖြေမယ့် သရုပ်ဆောင် တိုင်ရွန်

0
305

မော်ဒယ်လ်တစ်ဦးအဖြစ် အနုပညာလောကကိုဝင်ရောက်လာတဲ့ တိုင်ရွန်ကတော့ လက် ရှိမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင် နေပြီဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ ဒါရိုက်တာမောင်သီရဲ့ ‘လင်္ကာဒီပချစ်သူ’ ပြဇာတ်မှာ လူမင်း၊ မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ ခါရာ၊ ဝတ်မှုံရွှေရည် စတဲ့အနုပညာရှင်များနဲ့အတူ ကပြဖျော်ဖြေမှာ ဖြစ် ပါတယ်။ သူ့ရဲ့ပထမဆုံးကပြဖျော်ဖြေမယ့် ‘လင်္ကာဒီပချစ်သူ’ ပြဇာတ်အတွက် ပြင်ဆင်မှုအပိုင်းကိုလည်း အခုလို ပြောပြခဲ့ပါ တယ်။

”ကျွန်တော်က လင်္ကာဒီပချစ်သူပြဇာတ်မှာလက္ခဏနေရာက ကပြဖျော်ဖြေရမှာ ဖြစ်ပါ တယ်။ အခုလင်္ကာဒီပချစ်သူ ပြဇာတ်အတွက် ပြင်ဆင်နေကြပါပြီ။ ပြင်ဆင်ချိန်ကတော့ အများကြီးမရပါဘူး။ ဒီဇင်ဘာလမှာ မန္တလေးမြို့က အမျိုးသားကဇာတ်ရုံမှာ ကပြဖျော်ဖြေရမှာဖြစ်ပါတယ်။ ပြဇာတ်အိုက်တင်ပိုင်း တွေကို သဘင်ပညာရှင်တွေဖြစ်တဲ့ ဦးမိုးဝင်း၊ ကိုဟန်ဇာမိုးဝင်း၊ ကိုလင်္ကာညို၊ ဦးသီတို့နဲ့တိုင်ပင်ပြီး လုပ်သွားပါ မယ်”လို့ ပြောပြခဲ့ပါတယ်။

သူကတော့ လက်ရှိ MRTV-4 မှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ ‘ မနေ့ကဖြစ်သည် အတွဲ -၂’ မှာလည်း ခပ်ကြမ်းကြမ်းအက်ရှင်ဘက်ကို သွားထားတဲ့ ကာရိုက်တာတစ်ခုနဲ့ ပါဝင်သရုပ်ဆောင်နေပါတယ်။ အဲဒီကာ ရိုက်တာကတော့ ကိုယ်တိုင်သဘောကျတဲ့ ကာရိုက်တာတစ်ခုဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။ မရိုက်ဘူး လို့ ဆုံးဖြတ်ထားတဲ့ ကာရိုက်တာမျိုးတွေရှိလားလို့ မေးမြန်းကြည့်တော့ . . ..

”ကျွန်တော်ကတော့ မိန်းမလျာ၊ Gay ကာရိုက်တာတွေ မရိုက်ချင်ပါဘူး။ လုံးဝမရိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အဲဒီလိုမျိုး LGBT တွေကို ဟာသအဖြစ် ဖန်တီးနေတာမျိုးကို ကျွန်တော်သဘော မကျဘူး။ သူတို့ကို လူတွေအထင်သေးစရာဖြစ်စေမယ့် အရာမျိုးတွေမလုပ်ချင်ဘူး။ ပညာပေးဇာတ်လမ်းတွေကိုတော့ မပြောလိုပါဘူး။ သူတို့မှာလည်း သူတို့ မိသားစုအသိုင်းအဝိုင်း အခက်အခဲတွေနဲ့ ရပ်တည်နေကြရတာပါ။ သူတို့ကို ကိုယ်ချင်းလည်းစာပါတယ်”လို့လည်း တိုင်ရွန်က ပြောပြခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here