စင်မြင့်ပေါ်မှာ သီချင်းဆိုရမှာကြောက်တဲ့ အဆိုတော်ကြီး အေဝမ်းတင်တင်လှ

0
243

 


တေးသံရှင်ကြီး အေဝမ်းတင်တင်လှက သူ့ရဲ့ ဖျော်ဖြေပွဲမှာ လူငယ်အဆို တော်တွေလည်း ပါဝင်ဖျော်ဖြေကြမှာဖြစ်တဲ့အတွက် ကြည်နူးမိတယ်လို့ ပြော လာပါတယ်။ သူကတော့ အခုခေတ်လူငယ် တေးသံရှင်လေးတွေကိုတော့ တအားတော်ကြတဲ့အတွက် သဘောကျမိတဲ့အပြင် သူတို့လေးတွေအတွက် ဂုဏ်လည်းဂုဏ်ယူတယ်လို့ ဆိုတယ်။ စင်မြင့်ပေါ်မှာ သီချင်းဆိုလေ့ဆိုထ မရှိ တတ်တဲ့ အေဝမ်းတင်တင်လှကတော့ စင်မြင့်ပေါ်တက်ရမှာဖြစ်တဲ့အတွက် ရင်ခုန်နေတယ်ဆိုတာမျိုးထက် ကြောက်နေမိတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

အေဝမ်းတင်တင်လှကတော့ အေဝမ်းခြံမှာ ငယ်စဉ်ကတည်းက ကြီးပြင်း လာတာဖြစ်ပြီး အေဝမ်းက ဆရာသမားကျေးဇူးရှင်တွေရဲ့ ကောင်းမှုကြောင့်သာ သူကိုယ်တိုင်လည်း အေဝမ်းတင်တင်လှဆိုပြီး နာမည်ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူသီဆိုခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေး သီချင်းတွေဟာ ဆိုရင်လည်း တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ သီချင်းတွေဖြစ်ခဲ့တယ်။ လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့မှာ ပြုလုပ်မယ့် ရွှေရတုအလွန် ဂီတသံစဉ် ညဖျော် ဖြေပွဲမှာတော့ နာမည်ကျော်ခဲ့တဲ့ ရုပ်ရှင်သီချင်းတွေကို ပြန်လည်သီဆိုသွားဖို့ လည်း ပါဝင်ပါတယ်။

”ကျွန်မတို့ ခေတ်ရုပ်ရှင်ဇာတ် ဝင်တေးတွေမှာဆိုရင် နာမည်ကြီးတွေ အများကြီးရှိခဲ့တယ်။ မာမာအေး၊ တင်တင်မြ၊ ထား၊ စန္ဒာရားချစ်ဆွေ၊ ကိုမင်းနောင်တို့ပေါ့။ ကျွန်မအနေနဲ့ သူတို့သီဆိုတာတွေကို ကြိုက်နှစ်သက်ခဲ့ ရတယ်။ ကျွန်မဆိုခဲ့တဲ့ ရုပ်ရှင်ဇာတ်ဝင်တေးတွေထဲမှာဆိုရင် ကျွန်မက မိန်းမသား၊ နေ့စဉ် ပိတောက်ပွင့်ပါစေ၊ မိုးဒေဝါပေါ့ အတော်များများရှိခဲ့တယ်။ ရုပ်ရှင်သီ ချင်းမှရယ်လို့လည်း မဟုတ်ဘူးပေါ့။ ဓာတ်ပြားသီချင်းတွေ များစွာကို လည်း ကြိုက်တယ်။ ဘာပဲဖြစ်ဖြစ် ရွှေရတုအလွန် ဂီတသံစဉ်ည ဖျော်ဖြေပွဲကို ပရိသတ်တွေ လာရောက်အားပေးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” လို့ အေဝမ်းတင်တင်လှက ပြောပြပေးခဲ့ပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့ ရန်ကုန်မြို့ IBC Grand Ballroom မှာ ပြု လုပ်မယ့် အေဝမ်းတင်တင်လှရဲ့ ဖျော်ဖြေပွဲကြီးကိုတော့ စာရေးဆရာမ ဂျူးနဲ့ ဒေါက်တာနီလာသိန်းတို့က စီစဉ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here