အခုလက်ရှိမှာ သက်မွန်မြင့်က အနုပညာအလုပ်တွေ မအားလပ်တဲ့ကြားကပဲ မိသားစုကို အချိန်ပို ပေးဖြစ်နေပါတယ်။ မကြာမီမှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘အဝေးချစ်’ ရုပ်ရှင်ဇာတ်ကားရုံတင်တော့မှာဖြစ်တာကြောင့် သူ့ပရိသတ်တွေလည်း ကျေနပ်နှစ်သက်ကြမှာပါ။ အနုပညာနဲ့ပတ်သက်ရင် လောဘကြီးတဲ့ သက်မွန်မြင့်က ‘အဝေးချစ်’ ဇာတ်ကားကို ရိုက်ကူးနေစဉ် တုန်းကလည်း ကိုယ့်ကိုယ်ကိုယ်အားမရတဲ့ အပိုင်းတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
”ဒီရုပ်ရှင်ဇာတ်ကားမှာ သက်မွန်ကိုယ့်ကိုယ်ကိုယ်တော့ သိပ်အားမရဘူး။ ဘာဖြစ်တာလဲဆိုတော့ ခုန်ရိုက်ရတယ်။ မရိုက်ရသေးတဲ့ Scene ကို ကျော်ပြီးတော့ နောက် Scene တွေ ရိုက်ကူးရတာရှိတယ်။ အရှေ့က Scene တွေ ပြန်ရိုက်ကူးတဲ့အခါမှာ Tempo က တအားမြင့်နေပြီ။ အဓိက ပြဿနာက သက်မွန်တို့ ဇာတ်ညွှန်းကို အသေးစိတ်ရမထားဘူး။ အခန်းစဉ်အကျဉ်းပဲရထားတယ်။ ရိုက်ကွင်းမှာ ရိုက်တဲ့အချိန်ကျမှ Dialogue တွေကျက်၊ အဲဒီတော့မှ အသေးစိတ်သိတဲ့အခါကျတော့ Tempo ချိန်ရတာခက်တယ်။ ပရိသတ် ကြီး ဖြည့်ပြီးတော့ ကြည့်ပေးကြပါ”လို့ သက်မွန်မြင့်က ပြောပါတယ်။
ဒီဇာတ်ကားမှာ သက်မွန်မြင့်က မရင့်ကျက်သေးတဲ့ အပျိုကြီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ထားတာပါ။ ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ အပြင်ကပုံစံနဲ့တူလားဆိုတာကို သက်မွန်မြင့်က . . .
”ဒီဇာတ်ကားထဲက ကာရိုက်တာက သက်မွန်အပြင်က ပုံစံနဲ့အကုန်လုံးတော့မတူဘူး(ရယ်လျက်)။ ဒါပေမဲ့ တော်တော်များများတူပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘဝအတွက်လက်တွဲတဲ့အခါမှာ အချစ် တစ်ခုတည်းနဲ့မလုံလောက်ဘူး။ နားလည်မှုပေးရမယ်ဆိုတဲ့အပိုင်းလေးတွေပါ ဦးစားပေးပြီးဖော်ပြထားတယ်။ အချစ်တစ်ခုကိုပဲ ဦးစားပေးပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားမဟုတ်ပါဘူး”လို့ ပြောပြပါတယ်။
ခိုင်ဝါဝင်း
ဓာတ်ပုံ-ဇော်ဝင်းအောင်